ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများဖွင့်ခွင့်မပြုဟု MNDAA ဆို
**************
ယမင်းဖူးပွင့်အောင်
ဧပြီ ၂၃၊ ၂၀၂၄။
ရှမ်းပြည်နယ်၊ အထူးဒေသ ၁ တွင် ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းအသစ်များ ဖွင့်လှစ်ခွင့်မပြုဟု မြန်မာအမျိုးသားဒီ မိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA က ယမန်နေ့တွင် ထုတ်ပြန်သည်။
လာမည့် ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်ကစ၍ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းအသစ်များ ဖွင့်လှစ်ခြင်းမပြုရန်နှင့် လက်ရှိ အထူးဒေသ ၁ ကျန်းမာရေးဌာနက လက်လှမ်းမမီနိုင်သောဒေသများတွင်မူ ယခင်ကတည်းက ဖွင့်လှစ်ထားသည့် ဆေးရုံနှင့် ဆေးခန်းများ ဆက်လက်ဖွင့်လှစ်နိုင်သော်လည်း မူလအရေအတွက်ထက် မတိုးရဟု MNDAA က ဆို သည်။
မူလက ဖွင့်လှစ်ထားသောဆေးရုံ၊ ဆေးခန်းများအနေဖြင့် ဆက်လက်ဖွင့်လှစ်လိုပါက အထူးဒေသ၏ ကျန်းမာရေးဌာနထံ လျှောက်လွှာတင်ပြီး ကျန်းမာရေးဌာနက ဆေးပညာအရည်အချင်းနှင့် စက်ကိရိယာများစစ်ဆေးပြီး ခွင့်ပြုချက်ပေးမည်ဟု သိရသည်။
လက်ရှိ အထူးဒေသ ၁ တွင် အမှတ် ၁ ပြည်သူ့ဆေးရုံ (အိုက်မင်ဆေးရုံ)၊ လောက်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံ၊ ချင်းရွှေ ဟော်မြို့နယ်ပြည်သူ့ဆေးရုံ၊ မူပန်(သိန္နီခရိုင်) ပြည်သူ့ဆေးရုံ၊ ကွမ်းလုံမြို့နယ်ပြည်သူ့ဆေးရုံ၊ မုံးကိုးခရိုင် ပြည်သူ့ဆေးရုံ၊ တာမိုးညဲတိုက်နယ်ဆေးရုံ စသည့် နိုင်ငံတော်အဆင့်ကုသနိုင်စွမ်းရှိသော ဆေးရုံများဖွင့်လှစ်ထား သည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထူးဒေသ ၁ ကျန်းမာရေးဆိုင်ရာလုပ်ငန်း၏ စီမံခန့်ခွဲမှုကို ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ဆေးကုသမှုဖြင့် စီးပွား ရေးအကျိုးအမြတ်ရယူသောလုပ်ရပ်များ၊ ဆေးရုံကို စီးပွားရေးလမ်းကြောင်းအဖြစ် လုပ်ဆောင်သောလုပ်ရပ်များကို လုံးဝတားမြစ်လိုက်ပြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများဖွင့်လှစ်ခြင်းကို ခွင့်မပြုရခြင်းဖြစ်သည်။
ထို့ပြင် အထူးဒေသနယ်မြေအတွင်းက ဆေးရုံ၊ ဆေးခန်းရှိ သူနာပြုများသည် အထူးဒေသကျန်းမာရေးဌာန၏ အုပ် ချုပ်မှုနှင့် နေရာရွှေ့ပြောင်းမှုကို လိုက်နာရမည်ဖြစ်ကာ ကျန်းမာရေးဌာန၏ ကုသရေးပိုင်းဆိုင်ရာကြီးကြပ် ကိုင်တွယ်မှုကိုလက်ခံရမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဓာတ်ပုံ – The Kokang