မြဝတီမြို့တွင် တိုက်ပွဲ ယာယီရပ်ထားသော်လည်း ကော့ကရိတ်အနီး တိုက်ပွဲပြင်းထန်လျက်ရှိဟု KNU ဆို
***************
သံလွင်ခက်။
ဧပြီ ၂၃၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တိုက်ပွဲများ ယာယီရပ်ထားသော်လည်း ကော့ကရိတ်မြို့ အနီးဝန်းကျင်၌ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
မြဝတီမြို့ကို ပြန်လည်ရရှိရေး တက်လာသည့် စစ်ကြောင်းများနှှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ” အခုလက်ရှိတိုက်ပွဲအအခြေအနေကတော့ မြဝတီဘက်မှာတော့ ခန တစ်ဖြုတ် ကျွန်တော်တို့ ရပ်ထားတယ်။ ဒါပေမယ့် ကော့ကရိတ်ဘက်က လာတဲ့ စစ်ကူတွေမှာတော့ တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေတုန်းပါ “ဟု ဆိုသည်။
ဧပြီလ ၂၁ ရက်တွင် ကော့ကရိတ်မှ မြဝတီမြို့ စစ်ကူအဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး (၁) ဦး နှင့် ဗိုလ်လေး (၁) ဦး အပါအဝင် စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဉ် (၁) စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဉ် (၂) စီး၊ ပွိုင့်ဖွိုက် (၁) လက် အပါအဝင် လက်နက်ငယ် (၁၁) လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိခဲ့သည်ဟု KNU က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၁၁) ရက်တွင် KNLA ၊ PDF နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်များအနေဖြင့် မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်ခဲ့ပြီး လူအင်အား၊ လက်နက်အင်အားအပြည့်စုံဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
မြဝတီမြို့ကို ကာကွယ်ရေး ပူးပေါင်းတပ်များ စိုးမိုးနိုင်ရန် ကော့ကရိတ်ကနေ တက်လာသည့် အောင်ဇေယျ စစ်ဆင်ရေး မအောင်မြင်အောင်လုပ်ဖို့လိုအပ်သည်ဟု CDM ဗိုလ်ကြီး ထက်မြတ်က ဆိုသည်။
၎င်းက ” ဒီဟာကို စိုးမိုးနိုင်ဖို့ဆိုရင် အခုတက်လာတဲ့ ဒီစစ်ကြောင်း အောင်ဇေယျ စစ်ဆင်ရေး မအောင်မြင်အောင်လုပ်နိုင်ဖို့ လိုတယ် အဓိက ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက အဲ့ဟာမျိုးလုပ်နိုင်ဖို့အတွက်ကို အရေးကြီးတယ်။ အဲ့တော့ တကယ်လို့သာ အဲ့လိုမျိုးလုပ်နိုင်လိုက်တယ်ဆိုတာနဲ့ စစ်တပ်က အဆုံးထိလုပ်တာမျိုးတွေရင်ဆိုင်ရနိုင်ဖို့တော့ရှိတယ်။ ” ဟုဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင်လည်း စခန်းအားစွန့်ခွာ၍ မြဝတီ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) အောက်သို့ ထွက်ပြေးတိမ်းရှောင်နေသော ခလရ-၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA ၊ PDF နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးခဲ့ပြီး တပ်မ(၄၄) မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀) ဦး နှင့်အထက် ဒဏ်ရာရခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ဧပြီလ ၂၀ ရက် နံနက်အစောပိုင်းကစပြီး Y 12 ၊ Mi 35နှင့် ဂျက်ဖိုက်တာစသော လေယာဉ်များဖြင့် တစ်ရက်တည်းမှာပင် ဗုံးရာကျော်ကြဲချခဲ့သည်။
နှစ်ဖက်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ဧပြီ ၂၀ ရက်တွင် ထိုင်းဘက်ခြမ်းသို့ စစ်ရှောင်သူ ၃၀၀၀ ကျော်ရှိပြီး မြန်မာဘက်ခြမ်းဖြစ်သည့် မြဝတီမြို့ ဘုန်းကြီးကျောင်း၊ ကာစီနိုဝန်းများနှင့် သောင်ရင်းမြစ်အနီးတွင် စစ်ဘေးတိမ်းရှောင်သူ ၂၀၀၀ ဝန်းကျင်အထိရှိခဲ့သည်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံ အသုံးပြုခဲ့သည့်အတွက် ဧပြီ ၂၁ ရက်တွင် KNLA ၊ PDF ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး တိုက်ပွဲများလည်း ယာယီငြိမ်သက်ခဲ့သည်။
တိုက်ပွဲသံများ ငြိမ်သက်သွားသည့်အတွက် သောင်ရင်းမြစ်အနီးနှင့် နယ်စပ်ဖြတ်ကျော်တိမ်းရှောင်ခဲ့သူတချို့ နေရပ်ပြန်ခဲ့ကြသော်လည်း တိုက်ပွဲများထပ်မံဖြစ်ပွားလာပါက တိမ်းရှောင်နိုင်အောင် အဆင်သင့်ပြင်ဆင်ထားရသည်ဟု ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – ကော့ကရိတ် မှ မြဝတီသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများ။
Photo – KNU