မြဝတီမြို့ ရပ်ကွက်များတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးများ ကျန်ရှိ
*******
ထွယ်
ဧပြီ ၂၂၊ ၂၀၂၄။
ပြည်သူ့အသက်အိုးအိမ် စိုးရိမ်ချက်ကြောင့် မြဝတီမြို့ တိုက်ပွဲကို အနည်းငယ်ဆုတ်ခွာထားသည်ဟု ကရင်အမျိုးသားအစည်းအရုံး – KNU က ဆိုသော်လည်း စစ်ကောင်စီတပ်သည် မြဝတီမြို့ကို ယမန်နေ့ညထိ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းငြိမ်သက်စဉ် နေ့ခင်းဘက်တွင် ဒေသခံပြည်သူ အမျိုးသားအချို့က နေအိမ်ပြန်၍ ပစ္စည်းများ သွားရောက်သိမ်းဆည်းကြသည်ဟု မြဝတီမြို့ အမှတ် ၅ ရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “လေယာဉ်ငြိမ်တုန်း ပစ္စည်းလာသိမ်းတာ၊ ပြီးရင် ၁၃ ဂိတ် ကမ်းနံဖူးဘက် ပြန်မှာ” ဟု ပြောသည်။
ထို့အပြင် မြဝတီမြို့ ရပ်ကွက် (၄) နှင့် ရပ်ကွက် (၅) ရှိ ဒေသခံပြည်သူတို့၏ နေအိမ်အနီးတွင် စစ်လက်နက် ကျွင်းကျန်ပစ္စည်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးများ ကျန်ရှိနေသဖြင့် ဒေသခံ ပြည်သူတို့ နေရပ်မပြန်ရဲဘဲ မြဝတီမြို့အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သောင်ရင်းမြစ်နံဘေးတွင် တိုက်ပွဲတိမ်းရှောင်နေကြဆဲ ဖြစ်သည်။
မြဝတီမြို့ ရပ်ကွက် ၅ ရှိ ဒေသခံပြည်သူ ၂၀၀ ကျော်တွင် ၂၀ ဦးခန့်သာ နေရပ်ပြန်လာကြပြီး ၎င်းတို့မှာလည်း သူခိုးအန္တရာယ်နှင့် ကျန်းမာရေးအခြေအနေကြောင့် ပြန်လာခြင်းဖြစ်သည်ဟု ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသမီးက ပြောသည်။
၎င်းက “လူများတော့ ရောဂါက ပိုးဝင်မှာ စိုးလို့ ပြန်လာတာ။ ဒါပေမယ့် အိမ်က အကုန်ပျက်စီးသွားပြီ။ ပြန်စရာ မရှိတော့ဘူး။ အခန်းလွတ်တဲ့နေရာ ခဏနေရမှာပဲ” ဟု ပြောသည်။
အဆိုပါ အမျိုးသမီးသည် ကျောက်ကပ်ရောဂါဖြင့် ဆေးရုံဆင်းထားသည်မှာ တစ်လခန့်သာရှိသေးသဖြင့် ပိုးဝင်မည်စိုးသောကြောင့် စစ်ကောင်စီ၏ လေယာဉ်ပစ်ခတ်မည်ကို စိုးရိမ်သော်လည်း နေရပ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ အား ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ကျန်ရှိစစ်ကောင်စီတပ်သား ၂၀၀ နီးပါးသည် ထိုင်း – ကရင်နယ်စပ်၊ အမှတ် ၂ တံတားအနီးသို့ ထွက်ပြေးခိုလုံခဲ့သည်။
ဧပြီ ၁၉ ရက် ည ၇ နာရီခန့်က အဆိုပါနေရာသို့ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၂၀ ရက် တစ်နေ့တာလုံးနှင့် ဧပြီ ၂၁ နံနက်ပိုင်းအထိ အမှတ် ၂ တံတားအနီးကို စစ်ကောင်စီဘက်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ဗုံးအလုံးရေ ၂၀၀ နီးပါးအထိ ကြဲချခဲ့သဖြင့် ရပ်ကွက် ၄ နှင့် ၅ ရှိ လူနေအိမ်နှင့် ပြည်သူ ထိခိုက်မှုများ ရှိခဲ့ခြင်း ဖြစ်သည်။
ဓါတ်ပုံ – မြဝတီမြို့ ရပ်ကွက် ၄/၅ အတွင်းရှိ ပျက်စီးမှုများနှင့် လက်နက်ကြွင်းကျန်များ (သံလွင်ခက်)