စစ်ကောင်စီဘက်မှ အဆိပ်ဗုံးသုံး ထိုးစစ်ဆင်မှုကြောင့် ကျားဖြူစစ်ကြောင်းရဲဘော်တချို့ ထိခိုက်ဒဏ်ရာရမှုအပြင် စခန်းတချို့ စွန့်ခွာရ
******************
နန်းဆုပန်ခန့်
ဧပြီ ၂၂၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ကျားဖြူစစ်ကြောင်းတာဝန်ယူထားသည့် နေရာများတွင် ယခုလ ၁၉ ရက်နေ့မှစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားရာ စစ်ကောင်စီဘက်က အဆိပ်ဗုံးသုံး ထိုးစစ်ဆင်မှုကြောင့် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိပြီး စခန်းတချို့ စွန့်ခွာရသည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။
စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် အဆိပ်ဗုံးကြဲချခြင်းကြောင့် ကျားဖြူစစ်ကြောင်းမှ ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုများအပြင် အော့အန်ခြင်း၊ အင်အားလျော့နည်းခြင်းများပါ ဖြစ်ပေါ်နေကြောင်း ကျားဖြူစစ်ကြောင်း၊ ဒုတိယစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက သံလွင်ခက်ကိုပြောသည်။
၎င်းက “ ၁၉ ရက်နေ့ကတည်းက တောက်လျှောက် တိုက်ပွဲကြီးကြီးကျယ်ကျယ်ပေါ့နော် ဒီနေ့အထိပေါ့၊ တောက်လျှောက်ပဲ အဆိပ်ငွေ့ဗုံးတွေ၊ ဒီပန်းရောက်ဗုံးတွေပေါ့နော်၊ သူ့မီးခိုးတွေက ပန်းရောင်ပေါ့၊ အဲ့ဒီဟာတွေနဲ့ တောက်လျှောက်ကြဲတယ်၊ အဲ့ဒီမှာကလေးတွေ မူးမေ့ အော့အန်တာတို့၊ ရုတ်တရက်အားပျက်သလို ခံစားရတယ်ပေါ့နော်၊ ရေသောက်လည်းရေအန်၊ ထမင်းစားလည်း ထမင်းပြန်အန်ထွက်တဲ့ အနေအထားတွေရှိတယ်ပေါ့နော်” ဟု အဆိပ်ဗုံးရှူမိသည့် ရဲဘော်များအခြေအနေကို ၎င်းက ပြောပြသည်။
ထို့အပြင် ကျားဖြူစစ်ကြောင်းများ တာဝန်ယူထားသည့် ကော့ကရိတ်မြို့တွင်း အမှတ် ၃ ရပ်ကွက်အပါအဝင် ကာကင်းစခန်း တချို့ကို လက်လွတ်လိုက်ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“အဲ့ဒီရှေ့တန်းစခန်းဆိုတာက ဒီအမှတ် ၃ တို့၊ တောင်ပေါ်ကျောင်းတို့၊ ကျွန်တော်တို့ အရှေ့နေရာယူထားတဲ့တော်တော်များများကိုပေါ့နော် အဆိပ်ငွေ့ဓါတ်ငွေ့ဗုံးတွေနဲ့သုံးတယ်၊ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း၊ အဲ့ဒါတွေနဲ့ တောက်လျှောက် အလုံးအရင်းနဲ့ ဝင်လုံးတဲ့အခါကျတော့ ဒီကလည်း တချို့နေရာတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတာပေါ့၊ ဒါပေမယ့် နေရာအများကြီး ဆုံးရှုံးတာမဟုတ်ဘူးပေါ့နော်၊ တချို့နေရာလေးတွေပေါ့နော်” ဟု ၎င်းက ဆိုသည်။
ကော့ကရိတ်မြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဧပြီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း ကျားဖြူစစ်ကြောင်း၊ တပ်ခွဲ ၃ မှ တပ်ခွဲမှူး နေမင်းမိုး (ခ) ကိုထင်ကျော် အပါအဝင် တပ်ခွဲ ၁ မှ ရဲဘော် ၄ ဦးလည်းကျဆုံးရပါသည်။ ထို့အပြင် အခြားရဲဘော် ၁၄ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲဘော်တစ်ဦး ထံမှ သိရသည်။
၎င်းက “ အဲ့ဒီမြေပြင်တိုက်ပွဲမှာပဲ ကျွန်တော်တို့ရဲဘော်တွေ ဒရုန်းနဲ့ကြဲခံရတာ၊ လေကြောင့်ပစ်ခံရတာတွေကောပေါ့၊ ၁၄ ယောက်လောက် ဆေးကုရတာ” ဟု ဆိုသည်။
ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်များကပြောသည်။
“အောင်ဇေယျ စစ်ဆင်ရေး” အမည်ဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့မှစ၍ စစ်ကောင်စီဘက်မှ တပ်မ ၅၅ ဦးဆောင်သည့် မြေပြင်တပ်ရင်းများ၊ တင့်ကား၊ ဒရုန်း၊ လေကြောင်း ပူပေါင်းသည့် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ကော့ကရိတ်မြောက်ပိုင်းရှိ ပူးပေါင်းတပ်များ သိမ်းပိုက်ထားနိုင်သည့် နေရာတချို့ကိုလည်း လက်လွှတ်ဆုံးရှုံးထားရသည်။
ဓါတ်ပုံ – ပေးပို့
ပုံစာ – အဆိပ်ဗုံးကြောင့် မူးဝေပြီး မြေပြင်သို့ လှဲနေမြေပြင်ရဲဘော်တစ်ဦး၏ပုံရိပ်နှင့် လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်အချို့မြင်ကွင်း။