မြဝတီ အမှတ် ၁ တံတား ဆက်လက်ပိတ်ထားပြီး မြန်မာနိုင်ငံသား ၁၀၀ ကျော် စောင့်ဆိုင်းနေရ
*****
ယမင်းဖူးပွင့်အောင်
ဧပြီ ၂၂၊ ၂၀၂၄။
မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ ကို ယနေ့ ဧပြီလ ၂၂ရက်နေ့ ၁၂နာရီအချိန်အထိ ဆက်လက်ပိတ်ထားပြီး မဲဆောက်မြို့သို့ ဝင်ရောက်လိုသည့် မြန်မာနိုင်ငံသားများ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်ဟု တံတားအနီးရှိပြည်သူများထံက သိရသည်။
အမှတ် ၁ တံတားကို ယမန်နေ့နံနက် ၇နာရီမှစ၍ မြန်မာဘက်ခြမ်းမှ ဝင်ရောက်ရာတွင် လိုအပ်သည့် စာရွက်အစိမ်း Temporary Border Pass(TBP) ပြတ်လပ်နေသဖြင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ယာယီပိတ်ထားခြင်းဖြစ်သည်။
မြဝတီမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲများကြောင့် မြဝတီဒေသခံများက မဲဆောက်မြို့သို့ ၁ပတ် နေထိုင်ခွင့်ကတ်ဖြင့် အမှတ် ၁ တံတားမှဖြတ်သန်း၍ လာရောက်ခိုလှုံနေကြသည်။
အဆိုပါ ၁ပတ်နေထိုင်ခွင့်ကတ် ကိုင်ဆောင်သူများသည် ၁ပတ်ပြည့်သည့်အခါ မဲဆောက်မှ အထွက်တုံးထု၍ မြဝတီဘက်သို့ပြန်ထွက်ပြီးမှ မဲဆောက်သို့ ပြန်လည်ဝင်ရောက်ကြရသည်။
ယနေ့နံနက် ၆နာရီခန့်မှစ၍ မြန်မာနိုင်ငံသားများ မဲဆောက်မြို့သို့ဝင်ရောက်ရန် တံတားအနီးတွင် စောင့်ဆိုင်း နေသော်လည်း မည်သည့်အချိန်တွင်ပြန်ဖွင့်မည်ကို တစ်စုံတစ်ရာမသိရသေးဟု မြဝတီဘက်ခြမ်းတွင် စောင့်ဆိုင်းနေသည့် အမျိုးသမီးဒေသခံ တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ဘယ်ချိန်ပြန်ဖွင့်လို့ရမလဲဆိုတာ အတိအကျမရှိဘူး။ မနေ့ကထွက်လာပြီးတော့ ပြန်ဝင်တာဝင်မရတော့ဘူး။ ထိုင်းနဲ့တရုတ်တွေတော့ ဝင်သွားတယ်။ ဗမာတွေပဲဝင်မရတာ” ဟုဆိုသည်။
နောက်ထပ်ဒေသခံတစ်ဦးက နိုင်ငံကူးလက်မှတ်-passport ကိုင်ဆောင်ထားသူများ နှင့် ကုန်ကားများကိုသာ အမှတ် ၁ တံတားမှဖြတ်သန်းခွင့်ပြုပြီး တံတားပြန်ဖွင့်ပေးမည့်အချိန်နှင့် ဖြစ်စဉ်အသေးစိတ်ကို မသိရသေးကြောင်း သံလွင်ခက်ကို ပြောသည်။
မဲဆောက်မြို့အဝင်ပိတ်ထားသောကြောင့် တစ်ပတ်နေထိုင်ခွင့်ကတ်ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လို သူအချို့ မြဝတီမြို့တွင်းရှိ နီးစပ်ရာဘုန်းကြီးကျောင်းနှင့် တည်းခိုခန်းများတွင် နေထိုင်နေကြရပြီး အခက်အခဲများဖြစ်ပေါ်နေသည်ဟု သိရသည်။
ယခုလက်ရှိအချိန်တွင် အမှတ် ၁ တံတားထိပ် မြဝတီဘက်ခြမ်းတွင် စောင့်ဆိုင်းနေသည့် မြန်မာပြည်သူ အယောက် ၁၀၀ကျော်ရှိသည်ဟု သံလွင်ခက်သတင်းထောက်၏ မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။
ပုံစာ-အမှတ် ၁ တံတားထိပ် မြဝတီဘက်တွင် စောင့်ဆိုင်းနေသည့်ပြည်သူများကိုတွေ့ရစဉ်။
ဓာတ်ပုံ-သံလွင်ခက်။