မြဝတီသို့ အချိန်မီ ပြန်မဝင်နိုင်သည့် ရွှေပိတောက်မြိုင်ကုမ္ပဏီ အလုပ်သမားများ အလုပ်ထုတ်ခံရ
***************************
သဇင်
ဧပြီ ၂၂၊ ၂၀၂၄။
ကရင်ပြည်နယ် မြဝတီမြို့ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာသည့် တရုတ်နိုင်ငံသားပိုင် ရွှေပိတောက်မြိုင် ကုမ္ပဏီ အလုပ်သမားအချို့ အချိန်မီအလုပ်ပြန်ဝင်နိုင်ခြင်း မရှိသောကြောင့် အလုပ်ထုတ်ခံနေရသည်ဟု အလုပ်သမားများထံမှ သိရသည်။
ရွှေပိတောက်မြိုင်ကုမ္ပဏီသည် ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့ ဝမ်ခကျေးရွာတွင် တည်ရှိပြီး မြန်မာအလုပ်သမား ၁၀၀၀ ကျော် အလုပ် လုပ်ကိုင်နေသည့် ကာစီနိုရုံဖြစ်သည်ဟု သိရသည်။
အဆိုပါကာစီနိုရုံရှိ အလုပ်သမားများသည် ဧပြီလ ၂၀ ရက် မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စ ကျရောက်ပေါက်ကွဲမှုကြောင့် ဝမ်ခကျေးရွာမှ အမှတ်၂ တံတားအနီး မဲဆောက်မြို့ရှိ ကြက်နှစ်ကောင် စစ်ရှောင်စခန်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။
မြဝတီတိုက်ပွဲနောက်ဆက်တွဲ လုံခြုံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အဆိုပါအလုပ်သမားများသည် လုပ်ငန်းခွင်သို့ အချိန်မီမပြန်နိုင်ပါက အလုပ်ထုတ်ခံရမည်ကို စိုးရိမ်သည့်အတွက် ပေးပြန်ရန် စစ်ရှောင်စခန်းတာဝန်ရှိသူများကို တောင်းဆိုခဲ့ကြသည် ဟု အလုပ်သမားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ကျွန်တော်တို့ ဒီဘက်မှာအဆင်ပြေပေမယ့် အလုပ်ပြုတ်မှာ ကြောက်တော့ ပြန်မယ်ချည်းပဲ ပြောကြတော့ သူတို့ဘက်က ပြန်ပို့ပေးတာပေါ့။ သူတို့ကတော့ ပြန်ပြီးလို့ရှိရင် နောက်တခါ ဒုက္ခရောက်ရင် ပြန်ကူးမလာနဲ့ လက်မခံဘူးဆိုပြီး ပြောတယ်“ ဟု ၎င်းက ဆိုသည်။
ယမန်နေ့ဧပြီလ ၂၁ ရက် ညနေ ၆နာရီတွင် ထိုင်းအာဏာပိုင်များက ပြန်ခွင့်တောင်းသည့် ဝမ်ခကျေးရွာဒေသခံတချို့ကို ပြန်ပို့ပေးခဲ့သည်ဟုသိရသည်။
စစ်ရှောင်စခန်းမှ လုပ်ငန်းခွင်သို့ ဝင်ရန် ပြန်လာသည့် အလုပ်သမားများကိုတော့ ရွှေပိတောက်မြိုင်ကုမ္ပဏီက အချိန်မီပြန်ရောက်လာခြင်းမရှိဟူသော အကြောင်းပြချက်ဖြင့် အလုပ်ထုတ်ခဲ့သည်ဟု နောက်ထပ်အလုပ်သမား တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့လည်း အလုပ်ရဦးမလားဆိုပြီး ပြန်ကြတာ။ ဒီဘက်လည်းရောက်ရော အလုပ်က လက်မခံတော့ဘူး။ ထုတ်လိုက်ပြီတဲ့။ ၂ ရက်အလုပ်ပျက်လို့ ဆိုပြီး ထုတ်တာ။ ကျွန်တော်တို့ အလုပ်ဆင်းထားတဲ့ ရက် ၂၀ စာ လုပ်အားခကိုလည်း ပြန်မပေးဘူး” ဟု အဆိုပါ အလုပ်သမားက ဆိုသည်။
လက်ရှိတွင် အဆိုပါအလုပ်သမားများသည် အလုပ်အကိုင်နှင့် နေစရာ နေရာမရှိသည့်အပြင် ထိုင်းအာဏာပိုင်များကလည်း လက်မခံတော့သည့်အတွက် အခက်အခဲများရှိနေသည်ဟု အလုပ်သမားများထံမှ သိရသည်။
ဧပြီလ ၂၀ ရက် မနက်ပိုင်းက မြဝတီတိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းမှ ရေပူကျေးရွာသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စသည် ဝမ်ခကျေးရွာသို့ ကျရောက်ခဲ့သည့်အတွက် ဝမ်ခကျေးရွာရှိ ရွှေပိတောက်မြိုင် ကုမ္ပဏီဝန်းအတွင်း လုံခြုံရေးယူထားသည့် ကရင်အမျိုးသားတပ်မတော်-KNA (BGF) ရဲဘော် နှစ်ဦးနှင့် ဒေသခံအမျိုးသမီး တစ်ဦးတို့လည်း သေဆုံးခဲ့သည်။
အဆိုပါ လက်နက်ကြီးကျရောက်မှုကြောင့် အလုပ်သမားများအပါအဝင် ဒေသခံများက ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။
Photo-မြန်မာ အမှတ် ၂ တံတားအနီး မဲဆောက်မြို့ နွားခြံ (မြန်မာအခေါ် ကြက်နှစ်ကောင် စစ်ရှောင်စခန်း) မြင်ကွင်း။ (သံလွင်ခက်)