သက်ကြီးရွယ်အိုများ စစ်ဘေးရှောင်သည့် နေရာ လက်နက်ကြီးကျ၊ ထိုင်းဘက်ခြမ်း ကိုင်းတောထဲသို့ ထပ်မံတိမ်းရှောင်ရ
******************
သဇင်
ဧပြီ ၂၀၊ ၂၀၂၄။
တိုက်ပွဲဖြစ်ပွားနေသည့် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားအနီး သဘာဝတရားရိပ်သာရှိ သက်ကြီးရွယ်အိုများ တိမ်းရှောင်နေသည့် နေရာသို့ စစ်ကောင်စီ ကြဲချသော ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သက်ကြီးရွယ်အိုများအား ထိုင်းနိုင်ငံဘက်ခြမ်းကို ထပ်မံပြောင်းရွှေ့ထားရသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ဧပြီလ ၂၀ ရက်တွင် အမှတ် (၂) တံတားအနီး တိုက်ပွဲပြင်းထန်နေသောကြောင့် သဘာဝတရားရိပ်သာရှိ အဖိုးအဖွား၊ သံဃာများနှင့် နာတာရှည်ဝေဒနာ ခံစားနေရသူများသည် သောင်းရင်းမြစ်ကမ်းစပ်တွင် တိမ်းရှောင်နေကြရသည်။
ထိုသို့တိမ်းရှောင်နေသည့် နေရာသို့ စစ်ကောင်စီလေကြောင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲမှုကြောင့် အဖိုးအဖွား၊သံဃာများနှင့် နာတာရှည်ဝေဒနာ ခံစားနေရသူများကို ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်ထားရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“သဘာဝတရားရိပ်သာက တံတား ၂ အနားမှာ ရှိတာ။ နာတာရှည်ရောဂါဖြစ်နေတဲ့သူတွေ အဖိုးအဖွားတွေ ရှိတယ်။ သူတို့ ရှောင်နေတဲ့ အနားကို လက်နက်ကြီးတွေက ဆက်တိုက်ကျလို့ သောင်းရင်းမြစ်ကို အဆင်ပြေသလိုပဲကူးပေးပြီး ထိုင်းဘက်ခြမ်းမှာရှိတဲ့ ဘိလပ်မြေစက်ရုံအနီးက တောင်ကုန်းတွေ ကိုင်းတောတွေထဲကို ရွှေ့ပြောင်းပြီး နေနေရပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ ပြောင်းရွှေ့လာရသည့်အထဲတွင် နာတာရှည်ဝေဒနာခံစားရသူများလည်း ပါဝင်နေပြီး ထိုသူများက သူတို့အား ချန်ခဲ့ရန် ပြောဆိုသော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ကူညီသူများက သယ်ပိုးပြီး ခေါ်ထုတ်ခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ယနေ့ မနက်ပိုင်းကလည်း တိုက်ပွဲအခြေနေများကြောင့် တိမ်းရှောင်နေသည့်နေရာမှ ရွှေစည်းစိမ်ရပ်ကွက်ရှိ နေအိမ်သို့ စားနပ်ရိက္ခာပြန်ယူရန် သွားသော ဒေသခံ နှစ်ဦး လက်နက်ကြီးထိမှန်ခဲ့သေးသည်ဟု ဒေသခံအမျိုးသမီးက ဆိုသည်။
“မနက်က တံတား ၂ နားက ရပ်ကွက် ရွှေစည်းစိမ်ထဲကို ကလေးတွေအတွက် စားစရာပြန်ယူဖို့ဆိုပြီး သုံးယောက် ပြန်သွားတယ်။ သုံးယောက်ထဲမှာ နှစ်ယောက်ကို ထိသွားတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရသွားလို့ ဆေးရုံကို ကားနဲ့ ပို့လိုက်ရတယ်။ ယောက်ျားလေး တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်” ဟု ၎င်းက ပြောသည်။
မြဝတီ အမှတ် ၂ တံတားအနီး ထွက်ပြေးသွားသော စစ်ကောင်စီ ခလရ ၂၇၅ လက်ကျန်တပ်သားများနှင့် KNLA/PDF ပူးပေါင်းတပ်တို့အကြား ဧပြီ ၁၉ ရက်ညက စတင်ဖြစ်ပွားသော မြဝတီမြို့ နယ်စပ် တိုက်ပွဲနှင့် စစ်ကောင်စီ၏ လေကြောင်းပစ်ကူများကြောင့် ထောင်နှင့်ချီသော ဒေသခံများသည် ထိုင်းမြန်မာ နှစ်နိုင်ငံ နယ်စပ်နေရာများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။
Photo – ထိုင်းဘက်သို့ ထပ်မံပြောင်းရွှေ့နေရသော သက်ကြီးရွယ်အိုနှင့် နာတာရှည်ရောဂါခံစားနေရသူများ (သံလွင်ခက်)
******
Telegram – > https://t.me/ThanLwinKhetNews/4361
YouTube -> https://youtu.be/LrZuLEAHmzw
Website -> https://thanlwinkhet.net/?p=9421