မြဝတီ စစ်ဘေးရှောင်များတွင် ကလေးငယ် အများအပြားပါဝင်
**********
သံလွင်ခက်။
ဧပြီ ၂၀၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသော စစ်ဘေးရှောင်များထဲတွင် ကလေးငယ် အများအပြားပါဝင်သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။
မြန်မာ – ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးရှိ မိုးကုတ်စက်ဝိုင်းဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၂၀၀ ခန့်ရှိသည့်အနက် ယင်းထဲတွင် ကလေးငယ် ၅၀ ကျော်ပါဝင်သည်ဟု သိရသည်။
သင်္ဃန်းညီနောင်မှ မြဝတီမြို့မိုးကုတ်စက်ဝိုင်းဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်လာသည့် မိခင်တစ်ဦးက “သမီးလေးက ပထမတစ်ခါ ညီနောင်မှာ ဖြစ်ကတည်းက လက်နက်ကြီးသံတွေကြောင့် လန့်နေတာ။ အခုမနက်က လေယာဥ်ဗုံးကြဲတာ အနီးကပ်ကြားလိုက်ရတော့ အခုချိန်အထိ အငိုမတိတ်တော့ဘူး” ဟု ဆိုသည်။
တိုက်ပွဲများကြောင့် မြန်မာ – ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်မှ ထိုင်းဘက်ခြမ်းသို့ ကူးသူများပြားခဲ့ပြီး တံတားပိတ်သည့်တိုင် လူဦးရေ ရာကျော်တန်းစီ စောင့်ဆိုင်းနေကြသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက “ဟိုဘက်မှာ အသိလည်းမရှိ ကလေးကလည်း ငယ်သေးတော့ အရမ်းဒုက္ခရောက်တာ။ အိပ်စရာလည်း မရှိသေး ရုတ်တရက်ထပြေးလာရတော့ နို့ဗူးဘာညာ အကုန်ကျန်ခဲ့တာ” ဟုဆိုသည်။
တိုက်ပွဲများကြောင့် ဒေသခံများသည် မြန်မာ – ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးရှိ မိုးကုတ်စက်ဝိုင်းဘုန်းကြီးကျောင်း၊ ကြံခင်း ဘုန်းကြီးကျောင်းများအပြင် အခြားသော ဘုန်းကြီးကျောင်းများနှင့် သောင်ရင်းမြစ်နံဘေးတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိသည်။
မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ ၂၇၅ တပ်ရင်းမှ မြန်မာ – ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဧပြီ ၁၈ ရက်နောက်ဆုံးထား လက်နက်ချအညံ့ခံရန် KNLA ပူးပေါင်းတပ်များက အချိန်ပေးထားသော်လည်း အညံ့ခံခဲ့ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် KNLA ပူးပေါင်းတပ်များက ယနေ့နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က မြဝတီမြို့တွင်းသို့ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့ သေဆုံးမှုများရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။
Photo – မြဝတီမြို့ရှိ စစ်ဘေးရှောင်များ (သံလွင်ခက်)