ရခိုင်ပြည်နယ်ရှိအရပ်သားများကိုကာကွယ်ကြရန် ကုလစာထုတ်တောင်းဆိုပြန်
*****
သံလွင်ခက်
ဧပြီ ၂၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေခြင်းက အရပ်သားပြည်သူများအပေါ်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေသည်ဟု ယမန်နေ့ ဧပြီ ၁၉ ရက်တွင် ကုလသမဂ္ဂ က သတိပေးလိုက်ပြီး မူဆင်လင်(ရိုဟင်ဂျာ) လူမျိုးစု များအပေါ် ဆိုးရွားပြင်းထန်စွာကျရောက်လာသော နှိပ်စက်ညှဥ်းပန်းမှုများကိုတားဆီးရန် နိုင်ငံတကာက ဖိအားပေးဆောင်ရွက်ကြဖို့ကိုလည်း တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် မူဆလင်(ရိုဟင်ဂျာ)လူမျိုးစုများကြားတင်းမာမှုများ အရှိန်မြှင့်လာနေသည့်အပြင် အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်တို့ကြားဖြစ်ပွားနေသည့် ပြင်းထန်သည့်တိုက်ပွဲများက ယခင်အတိတ်ကဖြစ် ပွားခဲ့သည့် လူမျိုးသုဥ်းသတ်ဖြတ်မှုများဆီ ထပ်မံဦးတည်လာနိုင်သည့်အန္တရာယ်ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ ဗော်လ်ခါ တာ့ခ် က ဆိုသည်။
၎င်းက”သတိပေးခေါင်းလောင်းကတော့ မြည်နေပြီ။ ရခိုင်ပြည်နယ်မှာ အတိတ်တစ်ချိန်တုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်မျိုး ထပ်တလဲလဲပြန်ဖြစ်မလာအောင် အားလုံးကဝိုင်းဝန်းတားဆီးရမယ်”ဟု ပြောသည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်၏မူဆလင်များအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဥ်တွင် မူဆလင်အများအပြားသေဆုံးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မူဆလင်(ရိုဟင်ဂျာ) ၁ သန်းကျော် ထွက်ပြေးခဲ့ရသည်။
ထိုသို့ထွက်ပြေးခဲ့ကြသူများသည် လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်ကျန်နေရစ်ခဲ့သော မူဆလင်(ရိုဟင်ဂျာ)များသည်လည်း အသက်ဘေးအန္တရာယ်ခြိမ်းခြောက်ခံရမှုများနှင့် အမြဲရင်ဆိုင်နေရသောကြောင့် နှစ်စဥ်လိုလို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ရေလမ်းကြောင်းကနေ သွားရောက်နေကြသည်။
“မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် ဩဇာလွှမ်းမိုးတဲ့နိုင်ငံတွေက ရခိုင်ပြည်နယ်မှာရှိနေတဲ့ အရပ်သားအားလုံးကိုအကာအကွယ်ပေးဖို့နဲ့ မူဆလင်(ရိုဟင်ဂျာ)တွေအပေါ် ဆိုးရွားတဲ့နှိပ်စက်ညှဥ်းပန်းမှုဖြစ်စဥ်တွေ နောက်ထပ်ဖြစ်မလာအောင် အခုကတည်းက တားဆီးရမှာဖြစ်တယ်”ဟု တာ့ခ် ကဆိုသည်။
မြန်မာစစ်တပ်နှင့် အာရက္ခတပ်တို့ကြားသဘောတူညီထားသော အလွတ် သဘောအပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက် ရခိုင်ပြည်နယ်ရှိမြို့များတွင် တိုက်ပွဲများတကျော့ပြန်ဖြစ်ပွားခဲ့ပြီး အရပ်သားရာချီသေဆုံးခဲ့သလို လူပေါင်း ၃၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
Ref: Dhaka Tribune
ဓာတ်ပုံ: Dhaka Tribune
ပုံစာ – စစ်တွေမြို့အနီးရှိ မူဆလင်(ရိုဟင်ဂျာ)ဒုက္ခသည်စခန်းတစ်ခု။