စစ်ကောင်စီလေယာဉ်ဗုံးကြဲမှုကြောင့် မြဝတီ တံတား ၂ အနီး ရွှေစည်းစိမ်ရပ်ကွက် မီးလောင်
**************************
သဇင်
ဧပြီ ၂၀၊ ၂၀၂၄။
မြဝတီမြို့ အမှတ် (၂) တံတားအနီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုကြောင့် မြဝတီမြို့ ရွှေစည်းစိမ်ရပ်ကွက်ရှိနေအိမ်များ မီးလောင်နေသည်ဟု မြေပြင်သတင်းရင်းမြစ်က သံလွင်ခက်ကိုပြောသည်။
ယနေ့ ဧပြီလ ၂၀ ရက် မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွေစည်းစိမ်ရပ်ကွက်ရှိ နေအိမ်များ မီးလောင်နေခြင်းဖြစ်သည်။ ယနေ့ မနက်ပိုင်း ၉ နာရီကျော်မှစပြီး စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဥ်များဖြင့် မြဝတီမြို့ ဝါးကင်း၊ ဝါးတော၊ ရေပူစသည့် နေရာတစ်ဝိုက်အား လှည့်ပတ်ကာ ဗုံးကြဲချ တိုက်ခိုက်နေသည့်အတွက် နေအိမ်ပျက်စီးမှုများရှိနေပြီး ဒေသခံ ထိခိုက်မှုများလည်း ရှိနေသည်။
စစ်ကောင်စီတပ်သည် မြဝတီမြို့အား ဗုံးအလုံးရေ ၄၀ ထက်မနည်း ကြဲချခဲ့ပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လက်ရှိတွင် မြဝတီမြို့ ထိတွေ့ပစ်ခတ်မှုအခြေနေများကြောင့် ထောင်နှင့်ချီသော ဒေသခံများသည် ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များတွင် အများအပြားရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ-စစ်ကောင်စီ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲချမှုကြောင့် အမှတ် (၂) တံတားအနီး ရွေစည်းစိမ်ရပ်ကွက်ရှိ နေအိမ်များ မီးလောင်နေသည့် မြင်ကွင်း (သံလွင်ခက်)