မြဝတီ အမှတ် (၂) တံတားအနီး တိုက်ပွဲကြောင့် သောင်းရင်းကမ်းနဖူးတွင် ဒေသခံထောင်ချီ တိမ်းရှောင်နေရ
********************
သဇင်
ဧပြီ ၂၀၊ ၂၀၂၄။
ကရင်ပြည်နယ် မြဝတီ မဲဆောက်နယ်စပ် အမှတ် ၂ တံတားအနီး တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေသောကြောင့် မြဝတီဒေသခံ ထောင်ချီသည် သောင်းရင်းမြစ် ကမ်းနဖူးအနီးတွင် တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညပိုင်း ၇ နာရီခန့်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် (၂ ) တံတားအောက်တွင် ရှိနေသော ခလရ ၂၇၅ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခဲ့ရာမှ ယနေ့ဧပြီလ ၂၀ ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
ယနေ့ မနက်ပိုင်း ၁၀ နာရီခန့်တွင် စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် အမှတ် (၂) တံတားအနီးရှိ မြဝတီမြို့ ဝါးတော၊ ဝါးစကင်း၊ ရေပူ စသည့် နေရာများကို ဗုံးကြဲချနေသည့်အတွက် နေအိမ်ပျက်စီးမှုများလည်း ရှိနေပြီး ဒေသခံများ ထိခိုက်မှုရှိနေသည်ဟု မြဝတီဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“လေယာဉ်လာတာ မနက်အစောပိုင်းထက် ပိုပြီး စိပ်လာတယ်။ တံတား ၂ အနီးက လူတွေ အကုန်ပြေးနေရပါတယ်။ အခုလေးတင်တောင် ကြဲနေတာပါ။ ဝါးတော စာသင်ကျောင်းတွေ ပျက်စီးသွားပြီ။ နေအိမ်တွေလည်း ထိပုံရပါတယ်။ ပြေးနေတဲ့ လူတွေထဲမှာ ကျွန်မ မျက်စိရှေ့တင် အမျိုးသမီးတစ်ဦးဘယ်ဘက်လက်မောင်းကို ထိသွားတာလည်း မြင်လိုက်ရတယ်” ၎င်းက မျက်မြင် တွေ့ရသည်ကို ဆိုသည်။
အမှတ် (၂) တံတားအနီး နေထိုင်သည့် မြဝတီဒေသခံများသည် ဂိတ် ၈၊ ၁၂၊ ၁၃၊ ၁၄ အနီးရှိ သောင်းရင်းမြစ်ကမ်းနဖူးတွင် ရောက်ရှိနေသော်လည်း ထိုင်းနိုင်ငံဘက်ခြမ်းက ပေးဝင်ခြင်း မရှိဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ကမ်းနဖူးတွေမှာ စုနေပြီး ရှောင်နေကြရတယ်။ ထိုင်းဘက်ခြမ်းကလည်းပေးမဝင်ဘူး။ ဟိုဘက်ခြမ်းစစ်သားတွေ တောက်လျှောက် ရှိနေတယ်။ ထိုင်းဘက်လည်း ကူးမရတော့ ဒီဘက်ဘေးနားမှာ ကပ်ပြီး နေရတာပဲ” ဟု ၎င်းက ဆိုသည်။
တချို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြဝတီဒေသခံ ၂၇၂ ဦးအား မဲဆောက်မြို့၊အမှတ် (၇) ကျေးရွာအုပ်စု ဝမ်တာခန်တိုင်ကျေးရွာတွင် ယာယီစောင့်ရှောက်ထားသည်ဟုလည်း ထိုင်းသတင်းရင်းမြစ်များထံမှ သိရသည်။
မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ဖွဲ့ဝင်များကို ဧပြီလ ၁၈ ရက်တွင် နောက်ဆုံးထား လက်နက်ချရန် ပြောဆိုခဲ့သော်လည်း လက်နက်ချအညံ့ခံခြင်းမရှိသည့်အတွက် KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းနေခြင်းဖြစ်သည်။
ပုံစာ- ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၂) တံတားအနီးတွင် တိမ်းရှောင်နေကြသည့် မြဝတီဒေသခံများနှင့် ထိုင်းဘက်ခြမ်း ရောက်နေသော ဒေသခံများ (ဓာတ်ပုံ-ဘီဝမ်း၊ ထိုင်းသတင်းရင်းမြစ်)
************
Telegram – > https://t.me/ThanLwinKhetNews/4359
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9391