ထိုင်းဒုဝန်ကြီးချုပ် မဲဆောက်ရောက်နေချိန် လုံခြုံရေး တင်းကြပ်
************
ထွယ်
ဧပြီ ၁၂၊ ၂၀၂၄။
ကရင်ပြည်နယ် မြဝတီမြို့ရှိ စစ်ကောင်စီတပ်ရင်း ခလရ – ၂၇၅ တပ်ရင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်စပ်ရေးရာအတွက် ထိုင်းဒုတိယ၀န်ကြီးချုပ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ဖရီး ပါထီဟာနုကွန်း (Parnpree Bahiddha – Nukara) တို့ တာ့ခ်ခရိုင်၊ မဲဆောက်မြို့သို့ ယနေ့ နံနက်က ရောက်ရှိလာခဲ့သည်။
၎င်းတို့ ရောက်ရှိချိန် ထိုင်းစစ်တပ်က အမှတ် ၂ တံတားအနီးကို ယခင်ထက် လုံခြုံရေး ပိုမို တင်းကြပ်ခဲ့သည်။
ပြည်သူများ ယခင် အမှတ် ၂ တံတားအောက် သောင်းရင်းမြစ်ကမ်းနားထိ သွားလာခွင့်ရှိသော်လည်း ၎င်းတို့ရောက်ရှိချိန် မြစ်ကမ်းဘေးသို့ လာရောက်ခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။
ထို့အပြင် အမှတ် ၂ တံတားဝင်ပေါက်တွင်လည်း လုံခြုံရေး ပိုမိုတင်းကြပ်ထားပြီး စစ်သုံးမော်တော်ယာဉ်များကို ယခင်ထက် ပိုမိုတွေ့ရှိခဲ့ရပြီး တံတားအနီးရှိ ဆိုင်များတွင်လည်း လုံခြုံရေးရဲများကို တွေ့ရှိခဲ့ရသည်။
ထိုင်းဒုတိယ၀န်ကြီးချုပ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် ထိုင်း မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) သို့ ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်ရောက်ရှိလာခဲ့ပြီး မွန်းလွဲ ၄ နာရီခွဲခန့်က ပြန်လည် ထွက်ခွာသွားခဲ့သည်။
ထိုင်း – မြန်မာနယ်စပ် အမှတ် ၁ တံတားထိပ် မြန်မာဘက်ခြမ်းရှိ ယခင်စစ်ကောင်စီတပ်စွဲထားသည့် ဂိတ်တွင် နယ်ခြားစောင့်တပ်/ Karen National army – BGF/ KNA တပ်ဖွဲ့များ တပ်စွဲထားသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်၊ မြဝတီ ချစ်ကြည်ရေးတံတား (၂) ကို ယနေ့ နံနက် ၈ နာရီခန့်မှ ယာယီ ပြန်လည် ဖွင့်လှစ်ထားသည်။ ထိုင်းဘက်ခြမ်းက ကုန်သွယ်ရေးတံတားဖွင့်ပေးလိုက်သော်လည်း ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြဝတီအမှတ် ၂ တံတားတွင် ပိတ်မိနေဆဲဖြစ်သည်ဟု မြဝတီဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
Photo – ထိုင်း မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ကို ယနေ့ နေ့လယ်ပိုင်း မြင်ကွင်း