စစ်တပ်ထိန်းချုပ်ဒေသကပြည်သူများ မြို့မှထွက်ခွာရန်ခက်ခဲနေ
******
ခင်သရဖီဦး
ဧပြီ ၁၂၊ ၂၀၂၄။
ရခိုင်ပြည်တွင် စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်
နေသေးသည့် စစ်တွေနှင့် ကျောက်ဖြူကဲ့သို့မြို့များတွင် ကျန်နေသည့်ပြည်သူများ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်နေကြရန် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဧပြီလ ၁၀ ရက်တွင် သတိပေးပြောဆိုထားသည်။
၎င်းက ” စစ်တွေ၊ ကျောက်ဖြူတို့လို ရန်သူထိန်းချုပ်နယ် မြေတွေမှာ ပိတ်မိနေတဲ့ပြည်သူတွေအနေနဲ့ အဆင်ပြေရင်ပြေသလို နည်းလမ်းအမျိုးမျိုးနဲ့ မကြာခင်အချိန်တစ်
ခုအတွင်း လွတ်မြောက်နယ်မြေတွေမှာ လာရောက်နေ ထိုင်ကြဖို့ အကြံပြုလိုပါတယ်။ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာတွေကို ပြင်ဆင်ရပါမယ် ” ဟု ပြောဆိုထားသည်။
သို့သော်လည်း စစ်တွေနှင့် ကျောက်ဖြူမြို့များက ဒေသ ခံများအနေဖြင့် မြို့မှထွက်ခွာရန် ငွေကြေးအခက်အခဲ၊ လုံခြုံရေးအခက်အခဲများ ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
စစ်တွေဒေသခံအမျိုးသမီး ၁ ဦးက ” မနေ့ညက လူတွေ ထွက်ကြတယ် ထင်တယ်။ ကိုးရီးယားဆိပ်ကမ်းက သေနတ်သံ ၁၀ ချက်လောက် ကြားလိုက်တယ်။ အခုက ပိုဆိုးသွားပြီ။ လုံးဝထွက်လို့ အဆင်မပြေတော့ဘူး။ ရန်ကုန်သွားဖို့ကလည်း ကျွန်မတို့မှာ မိသားစု ၄ ယောက်ရှိတယ်။ ရန်ကုန်လေယာဥ်စရိတ်က ၁ ယောက်ကို ၅၀၀,၀၀၀ ကျော်နေပြီ။ ၄ ယောက်ဆိုရင် သိန်း ၂၀ ကျော်နေပြီ။ အဲဒီကိုရောက်ရင်လည်း စားရေးသောက်ရေး၊ နေ ထိုင်ရေးကအစ ကြည့်ရမယ်လေ” ဟု ဆိုသည်။
စစ်ကောင်စီက စစ်တွေမြို့အား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ကစတင်၍ ကုန်းလမ်း ၊ရေလမ်းအပြင် မြို့ဝင်မြို့ထွက်အား ပိတ်ဆို့ထားသည်။
ယင်းအပြင် စစ်တွေမှ တခြားမြို့များသို့ ခိုးထွက်သည့် အချိန်တွင်လည်း ငွေကြေးပေးဆောင်ရခြင်း၊ လူ ၁ ဦးလျှင် စက်လှေစရိတ် ၂၀၀,၀၀၀ ကစ၍ပေးရခြင်းများ ရှိနေသည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲများ ရှိနေခြင်းဖြစ်သည်။
” ပေါက်တောဘက်ကို မိသားစု ၁ စု ခိုးသွားမယ် ဆိုရင်တောင် ၁,၀၀၀,၀၀၀ အထက်ကိုလိုပါတယ်။ အခုက ၁ ရက်လုပ်မှ ၁ ရက်စားလူတွေအတွက် ပိုပြီး အဆင်မပြေပါဘူး” ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။
စစ်တွေမြို့တွင် လူဦးရေအနည်းအကျဥ်းသာ ကျန်ရှိနေပြီး အများအပြားမှာ လွတ်မြောက်နယ်မြေ များနှင့်ရန်ကုန်ကဲ့သို့ မြို့များဆီ ထွက်ခွာနေကြသည်။
ကျောက်ဖြူတွင်လည်း မြို့မှထွက်ခွာရန် အဆင်မပြေကြောင်း ကျောက်ဖြူတွင်ကျန်ရှိနေသည့် မြို့ခံ ၁ ဦးက ဆိုသည်။
” လုံးဝ ထွက်မရတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ လဝက ကို ၁ ယောက် ၅၀,၀၀၀ ပေးရင်ရတယ်။ နောက် ဂိတ်တွေမှာ ရှိနေတဲ့ စကစ ကလူတွေကို ပိုက်ဆံပေးရင် ရတယ်။ ဒါပေမယ့် ကျောက်ဖြူမှာ ကျန်ခဲ့တဲ့ လူတွေက လက်လုပ်လက်စားတွေ ကျန်ခဲ့တာ။ ပိုက်ဆံ ၅၀,၀၀၀ မတတ်နိုင်တဲ့ လူတွေများတယ်။ လူဦးရေက ၃၀ ရာခိုင် နှုနှုန်းလောက်ပဲ ကျန်ခဲ့တယ်။ ကျွန်တော်လည်း ထွက်လို့ အဆင်မပြေတော့ဘူး။ အခု အခြေအနေက မထွက်ရင် အဖမ်းမခံရနိုင်ဘူး။ ထွက်ရင် ဖမ်းနိုင်တယ်။ ဒါကြောင့် မထွက်တော့ဘူး” ဟု ဆိုသည်။
စစ်ကောင်စီတပ်သားများသည် ကျောက်ဖြူတွင် ယခင်က ကင်းလှည့်ခြင်းများရှိခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီတပ်သားများမှာ မြို့တွင်းသွားလာမှုများ မရှိတော့ကြောင်း သိရသည်။
” အရင်ကတော့ စစ်တပ်ကလူတွေရော၊ ရဲတွေရော ကင်းလှည့်ကြတာရှိတယ်။ အခုနောက်ပိုင်း သူတို့တွေ အပြင်သိပ်မထွက်ကြတော့ဘူးဗျ” ဟု ကျောက်ဖြူမြို့ခံ ၁ ဦးက ဆိုသည်။
သို့သော်လည်း ညအချိန်၌ နေဗီများက နေ့စဥ်ရမ်းသမ်း ပစ်ခတ်မှုများရှိနေကြောင်းလည်းသိရသည်။
အာရက္ခတပ်တော် – AA ၏ ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ရခိုင်ရှိလက်ရှိတိုက်ပွဲမှာ နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲ ဖြစ်ကြောင်း ပြောဆိုထားသည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – စစ်တွေဆိပ်ကမ်း။