မဲဆောက် – မြဝတီ အမှတ် ၁ တံတားဂိတ်တွင် BGF နေရာယူ
*******
နန်းဆုပန်ခန့်
ဧပြီ ၁၂၊ ၂၀၂၄။
ထိုင်း – မြန်မာနယ်စပ် အမှတ် ၁ တံတားထိပ် မြန်မာဘက်ခြမ်းရှိ ယခင်စစ်ကောင်စီတပ်စွဲထားသည့်ဂိတ်တွင် နယ်ခြားစောင့်တပ် – BGF တပ်ဖွဲ့များ တပ်စွဲနေထိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံကသိရသည်။
အဆိုပါဂိတ်သည် ယခင်ကဆိုလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်လေ့ရှိပြီး ယမန်နေ့အထိ စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများပြုလုပ်သေးသည်ဟု မြဝတီဘက်ခြမ်းလာသည့် ပြည်သူများထံမှသိရသည်။
သို့သော် ယနေ့နံနက် မဲဆောက် – မြဝတီနယ်စပ်ဂိတ်တွင် နေထိုင်ခွင့်သက်တမ်းသွားတိုးသည့် မြန်မာဒေသခံ ၁ ဦးကတော့ အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့ပဲ BGF တပ်ဖွဲ့ဝင်များနှင့် မြန်မာလူဝင်မှုကြီးကြပ် ရေးဌာနကလူများသာရှိတော့သည်ဟု ဆိုသည်။
၎င်းက “ ဒီသက်တမ်းသွားတိုးတော့ အဲဒီတံတားထိပ်မှာ လဝကနဲ့ BGF ပဲရှိတယ်။ စစ်ကောင်စီတပ်သားတွေ မရှိ တော့ဘူး” ဟုဆိုသည်။
ယမန်နေ့ကအထိတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသေးသည်ဟု ကားသမား ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ အဲ့ဒီထိပ်မှာ စစ်ကောင်စီတပ်သားတွေရှိတယ်၊ ဒီအတိုင်းပဲ ယူနီဖောင်းအပြည့်နဲ့ မတ်တပ်ရပ်နေတာ။ သူတို့ဘက်က စစ်တာတော့ မရှိဘူး“ ဟု ဆိုသည်။
ထိုင်း – မြန်မာ အမှတ် ၁ တံတား၏ ထိုင်းဘက်ခြမ်းတွင်မူ ထိုင်း လဝက အပါအဝင် ထိုင်းစစ်သားများနှင့် စစ်သုံး ကားများ နေရာယူထားပြီး လုခြုံရေးတင်းကြပ်ထားသည်။
ယမန်နေ့တွင် မြဝတီမြို့ရှိ ခြေမြန်တပ်ရင်း ခလရ – ၂၇၅ ကို ကရင်တော်လှန်ရေးပူးပေါင်းတပ်များက နံနက် ၄ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ – ၂၇၅ က စစ်သား ၂၀၀ နီးပါး အမှတ် ၂ တံတား၊ မြန်မာဘက်ခြမ်းသို့ ထွက်ပြေးလာပြီး ပိတ်မိနေသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – အမှတ် ၁ တံတား၊ မြန်မာဘက်ခြမ်းကလာသည့် မြန်မာပြည်သူများနှင့် တံတားအောက်မှာတွေ့နေရသည့် ထိုင်းစစ်သားများ။