မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်အတွက် စိန်ခေါ်မှုအသစ်များ
*******
သံလွင်ခက်
ဧပြီ ၁၂၊ ၂၀၂၄။
လပေါင်းအတန်ကြာလစ်လပ်နေခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရာထူးအား ယခင်က ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ ဂျူလီ ဘစ်ရှော့ ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ခန့်အပ်ခဲ့သည်။
သူမသည် အဆိုပါရာထူးခန့်အပ်ခံခဲ့ရသည့် တတိယမြောက်အမျိုးသမီးလည်းဖြစ်သည်။ အဆိုပါ ရာထူးအတွက် ပထမဆုံးခန့်အပ်ခဲ့ရသော အမျိုးသမီးမှာ ဆွစ်ဇာလန်နိုင်ငံသူ ခရစ်စတင်း ဘာနာဂါ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိ တာဝန်ယူခဲ့သည်။ ဒုတိယမြောက်အမျိုး သမီးမှာ စင်ကာပူနိုင်ငံသူ နိုလင်း ဟေဇာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာကနေ ၂၀၂၃ ခုနှစ် နိုဝင်လာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ပြီးခဲ့သည့်လပိုင်းတွင် Alounkeo Kittikhoun ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးနောက် ဘစ်ရှော့ ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ အာဆီယံအထူးကိုယ်စားလှယ်ကပဲ လစ်လပ်နေသော နိုလင် ဟေဇာ နေရာတွင် ကိုယ်စားလှယ် ၁ ဦး အမြန်ဆုံးခန့်အပ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကို တောင်းဆိုခဲ့သည်။
မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြားတိုက်ပွဲများ အမြင့်ဆုံးရေချိန်ရောက်နေချိန်မှာပဲ ဘစ်ရှော့ သည် အဆိုပါရာထူးကိုလက်ခံခဲ့ရသည်။
ယမန်နှစ်အောက်တိုဘာတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်များအပါအဝင် အခြားသောတော်လှန်ရေးတပ်ဖွဲ့များ က မြန်မာနိုင်ငံ၏မြို့ပေါင်း ၆၀ နီးပါးကိုထိန်းချုပ်နိုင်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းတွင် နေပြည်တော်စစ်ဗိုလ်ချုပ်များက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအ စည်းအဝေးတက်ရောက်ရန် နိုင်ငံရေးမဟုတ်သောအရာရှိ ၁ ဦး စေလွှတ်ခဲ့သည်။ အဆိုပါစေလွှတ်မှုက အာဏာ သိမ်းပြီး ၃ နှစ်ကာလအတွင်း စစ်ကောင်စီ၏ ပထမဆုံးသောစေလွှတ်မှုလည်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံမြန်မာအရပ်သားအစိုးရထံကအာဏာကို မြန်မာစစ်တပ်ကသိမ်း ယူခဲ့သဖြင့် မြန်မာကိုယ်စားလှယ်များ အာဆီယံအထူးအစည်းအဝေးများတက်ရောက်ခွင့်ကို အာဆီယံကပိတ်ပင်ခဲ့ သည်။
၂၀၂၁ ခုနှစ် ဧပြီလတွင်မူ မြန်မာ့အရေးနှင့်ပတ်သက်သောအစည်းအဝေး ဂျကာတာတွင်ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့အရေးဖြေရှင်းနိုင်ရန် အာဆီယံခေါင်းဆောင်များက 5 PC ချမှတ်ခဲ့သည်။
ယခုတွင် မြန်မာ့ပြည်တွင်းစစ်သည် ၄ နှစ်ကာလအတွင်းရောက်လာခဲ့ပြီဖြစ်သော်လည်း အာဆီယံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များက တိုးတက်မှုမရှိသလောက်ပင်။ မကြာသေးခင်တုန်းကတော့ ထိုင်း – မြန်မာကြက်ခြေနီအဖွဲ့များ ပူးပေါင်းပြီး စစ်ဘေးဒဏ်ခံစားနေရသည့်ကျေးရွာများက မြန်မာဒုက္ခသည် ၂၀,၀၀၀ အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ထိုင်းနိုင်ငံကပေးအပ်ခဲ့သည်။
ကုန်လွန်သွားသော ယခင်ကာလများကိုပြန်ကြည့်မည်ဆိုလျှင်လည်း ကုလအထူးကိုယ်စားလှယ်ဟောင်းများသည် စစ်ကောင်စီ၏ကန့်သတ်ချက်များနှင့် ပိတ်ပင်တားဆီးမှုများကြောင့် မြန်မာ့အရေးကို များစွာဖြေရှင်းနိုင်ခြင်း မရှိခဲ့ ပါ။
ယခုခန့်အပ်ခံခဲ့ရသော ဘစ်ရှော့ ၏ သံတမန်ရေးရာသက်တမ်းတလျှောက်ကိုပြန်ကြည့်လျှင်မူ သူမသည် ဒေသတွင်းမိတ်ဘက်များနှင့် ဆက်ဆံရေးကောင်း မွန်သူတစ်ဦးဖြစ်သလို ကုလသမဂ္ဂ ၏ ပင်လယ်ဥပဒေဆိုင်ရာ သဘောတူညီချက်များအပါအဝင် နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေးများကို ဦးဆောင်နိုင်ခဲ့သူဖြစ်ကြောင်းတွေ့ရှိရပေသည်။
ဤသည်များကပင် မြန်မာ့အရေးကြိုးပမ်းမှု၌ ကုလသမဂ္ဂ၏အခန်းကဏ္ဍတိုး တက်လာအောင် ဘစ်ရှော့ ကဆောင် ရွက်ပေးနိုင်လိမ့်မည်ဟူသော မျှော်လင့် ချက်ဖြစ်သည်။
လာမည့်ရက်များတွင် ဘစ်ရှော့ သည် မြန်မာနိုင်ငံ၏နောက်ဆုံးအခြေအနေများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ရန်အားထုတ်နေသော အာဆီယံ၏လုပ်ဆောင်ချက်များအပေါ်နားလည်ရန်အတွက် အာဆီယံအဖွဲ့ဝင်ဟောင်းများနှင့် တွေ့ဆုံခွင့်ရပေလိမ့်မည်။
မြန်မာအရေးဖြေရှင်းရာတွင် ကုလသမဂ္ဂ၏လုပ်ပိုင်ခွင့်များ အကောင်အထည် ဖော်ရန်နှင့် အာဆီယံနှင့်အတူ ညှိနှိုင်းပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဆောင်ကျဥ်းပေးရန်က သူမဖြတ်ကျော်ရဦးမည့် စိန်ခေါ်မှုကြီးတစ်ရပ် အဖြစ် ကျန်ရှိနေပါသည်။
Ref: Thai PBS
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ထိုင်း – မြန်မာနယ်စပ်တွင် လုံခြုံရေးယူထားသော ထိုင်းစစ်သား။