ဘူးသီးတောင်ရှိ တောင်ဘဇာတပ်စခန်းကို AA သိမ်းပိုက်
*****
ခင်သရဖီဦး
မတ် ၂၉၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ တောင်ဘဇာတပ်စခန်းကို မတ်လ ၂၅ ရက်က သိမ်းပိုက် လိုက်သည်ဟု ရက္ခိုင့်တပ်တော် – AA က မတ်လ ၂၈ ရက်တွင်ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်၌ “၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား သိမ်းပိုက်ရရှိခဲ့သည်” ဟု ဖော်ပြထားသည်။
AA အနေဖြင့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်၏လက်ကျန်စခန်းများထဲက ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၅၂ တပ်ရင်းအား ဖေဖော်ဝါရီလ ၂၄ ရက်ကစ၍ မတ်လ ၂၅ ရက်အထိ ရက်ပေါင်း ၃၂ ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တွင်ပင် ဘူးသီးတောင်ဗျူဟာလက်အောက်ခံ ခလရ ၂၃၄ တပ်ရင်းက အင်အား ၅၀ ခန့်ရှိစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယင်းအပြင် AA အနေဖြင့် မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရ ယူနိုင်ရေးအတွက် ထိုးစစ်အရှိန်ကို တဆင့်ပြီးတဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိသည်ဟု AA က ထုတ်ပြန် ထားသည်။
” စစ်တပ်အနေဖြင့်လည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရက္ခိုင်ပြည်နယ်၏ အမ်းမြို့နယ်၊ လုံးကျေးရွာအနီးတွင်လည်း စစ်ကောင်စီ၏ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆ အပြင် တခြားတပ်ရင်းများမှစုပေါင်းထားသည့်တပ်များနှင့် ရက္ခိုင့်တပ်တော်တို့ မတ်လ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။
” ရန်သူသည် ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲအတွင်း ရန်သူ့ဘက်က ၁၅ ဦးခန့်ကျဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း ရန်သူ့လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ မိမိတို့ဘက်က တပ်ဖွဲ့ဝင် ၂ ဦး အသေးစား ဒဏ်ရာရရှိခဲ့သည်” ဟု ဆိုသည်။
မတ်လ ၂၈ ရက်တွင်လည်း မြေပုံမြို့နယ်၊ လီသွန်ကျေးရွာတောင်ကြော၌ စစ်ကောင်စီ၏ အမှတ် ၃ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ ခမရ ၅၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော်သည် ရခိုင်ဒေသတွင်းရှိ လက်ကျန်စစ်စခန်းများကို တစ်ရက်မျှရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။
************
Telegram– > https://t.me/newstlk/4057
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8793