စစ်ကောင်စီက ဓမ္မသရွာကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေ
*******
သဇင်
မတ် ၂၉၊ ၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာအား ယနေ့ မတ်လ၂၉ ရက် မွန်းလွဲပိုင်းအထိ စစ်ကောင်စီ တပ်က အမြောက်ဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့မတ်လ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောက အမြောက်ဖြင့် ဆက်လက်ပစ် ခတ်နေပြီး ရွာတွင်းပိတ်မိနေသူများအားကယ်ဆယ်ရန် အခက်အခဲဖြစ်နေသည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက် ကိုပြောသည်။
“ မနက်ကတစ်ချက်နားပြီးတော့ အခုကပိုဆိုးနေတယ် ။ ခုနက အလုံး၂၀ တဆက်တည်းပစ်တာ” ဟု သံလွင်ခက်ကဆက်သွယ်မေးမြန်းခဲ့သည့် မွန်းလွဲ ၂နာရီကျော်တွင် ဒေသခံအမျိုးသား ၁ ဦးကပြောသည်။
ဒေသခံအချို့က ကျေးရွာတွင်းပိတ်မိနေသူများကို ကယ်ထုတ်ရန်ကြိုးစားနေသော်လည်း စစ်ကောင်စီတပ်က ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ဒေသခံအချို့ ရွာအတွင်းကျန်ရှိနေသေးသည်ဟု ကယ်ဆယ်ရေးလုပ်ဆောင် နေသည့် ဒေသခံ ၁ ဦးက ပြောသည်။
“ကယ်လို့ရသလောက်ကို ဆက်ပြီးကယ်နေတယ်။ ဗုံးတွေဆက်ပစ်နေတော့ အထဲမှာ ကျန်နေသေးတယ်။ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ လိုင်းလည်းမမိဘူး။ ဖုန်းအားလည်းမရှိဘူး” ဟု ဆိုသည်။
ကျေးရွာအတွင်းမှထွက်ပြေးလာနိုင်သည့် ဒေသခံများသည်လည်း ဂူများ၊ ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေကြရသည်ဟု ၎င်းကဆက်ပြောသည်။
မတ်လ ၂၇ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဓမ္မသကျေးရွာနေအိမ် ၃၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ရပြီး ယမန်နေ့ မတ်လ ၂၈ ရက် ညနေ ၅ နာရီခန့်၌လည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီးသည် ဓမ္မသကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေအိမ် ၃ လုံး ထပ်မံမီးလောင်ခဲ့သည်။
စစ်ကောင်စီက လက်နက်ကြီး၊ အမြောက်များဖြင့်ပစ်ခတ်ခဲ့သဖြင့် ဓမ္မသကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ခန့်က ဒေသခံ ၆,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။
************
Telegram– > https://t.me/newstlk/4058
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8796