ဆီဆိုင်စစ်ရှောင် ၁ ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်
*******
ယမင်းဖူးပွင့်အောင်
မတ် ၂၉၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်အမျိုးသား ၁ ဦး ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆီဆိုင်မြို့နယ်တွင်စစ်ရှောင်နေသည့် ကောင်တောင်ရိုးရွာဒေသခံ ဖြားခွန်စိန် သည် စားသောက်ရေးအတွက်ခက်ခဲနေသဖြင့် အဆိပ်သောက်၍ မိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းဖြစ်သည်ဟု စစ်ရှောင်အရေးကူညီပေးနေသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “အဲ့နေရာကရွာတွေက ဆီဆိုင်မြို့နဲ့ အနီးဆုံးရှိတဲ့ရွာဖြစ်ပြီး ဆင်းရဲပါတယ်။ ကူညီတဲ့သူတွေမရောက်ပါဘူး။ စစ်တပ်က မြေသိမ်းထားတဲ့ရွာပေါ့နော်။ ဧက ၃၀၀ ကျော်အသိမ်းခံရတယ်။ ပြန်မရပါဘူး။ အခု စစ်တပ်ဘက်က ဘက်ဖိုးနဲ့ ရေမြောင်းကြီးတူးပြီး ကန့်သတ်လိုက်တယ်” ဟုဆိုသည်။
သေဆုံးသူ ဖြားခွန်စိန် တွင် ကလေး ၅ ဦးနှင့် ဇနီးသည်ကျန်ရစ်ပြီး ကောင်တောင်ရိုးရွာမြေများကို စစ်တပ်ကသိမ်းထားသဖြင့် ကောင်းမူ့ဗွာရွာသင်္ချိုင်းတွင် မိသားစုများက သင်္ဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။
စစ်ဘေးရှောင်ပြည်သူများအတွက် အလှူရှင်နည်းပါးနေပြီး ရေရှည်ရပ်တည်နိုင်ရန်ခက်ခဲလိမ့်မည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်ဘေးရှောင်တွေကို ကူညီတာက တကယ်လိုအပ်ပြီး ခက်ခဲတဲ့နေရာမရောက်ပါဘူး။ မြို့ရွာဘုန်းကြီးကျောင်းတွေပဲရောက်တယ်။ သူတို့စစ်ရှောင်တာ တောထဲ ဂူထဲမှာပါ။ လူ ၆ ယောက်ကို ဆန် ၂ ဗူးချက်စားပြီးနေရတာပါ” ဟုပြောသည်။
တိုက်ပွဲများကြောင့် ဆီဆိုင်မြို့ရှိပြည်သူများ မြို့လုံးကျွတ်တိမ်းရှောင်နေရပြီး ဆေးဝါးလိုအပ်ချက်များလည်းရှိနေသည်ဟု စစ်ဘေးရှောင်ကူညီသူများထံက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်ကစ၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဆီဆိုင်မြို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးအသုံးပြု၍ နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ပြည်သူများ၏နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရသည်။
ပုံစာ – ဆီဆိုင်စစ်ဘေးရှောင်များ။
Photo- Credit