ကချင်ပြည်နယ်က ခမရ – ၃၈၇ တပ်ရင်းစခန်းကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်
*****
( တပ်စခန်းလက်လွှတ်ခဲ့ရသည့် စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ )
ထွယ်
မတ် ၂၆၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော် – မြစ်ကြီးနားကားလမ်းပေါ်ရှိ ကုန်းလောကျေးရွာတွင် တပ်စွဲထား သော စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၃၈၇ ဗျူဟာတပ်ရင်းစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့်ပူးပေါင်းတပ်က ယနေ့နံနက်၌ သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ တပ်စခန်းတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည ၇ နာရီခွဲခန့်တွင် စခန်းမှ ဆုတ်ခွာ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ရှေ့တန်းရဲဘော်နှင့် နီးစပ်သူ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ကုန်းလောတပ်သိမ်းလိုက်တာ မှန်ပါတယ်။ မနေ့ညက ထွက်ပြေးသွားတယ်လို့ ပြောတယ်။ စခန်းထဲကို ဝင်တာတော့ ဒီမနက်မှ ဝင်နိုင်တာတဲ့” ဟု ဆိုသည်။
စခန်းသိမ်းပိုက်ပြီးနောက် ယနေ့နံနက် ၉ နာရီခွဲခန့်ကစတင်၍ စစ်ကောင်စီလေတပ်က လေကြောင်းဖြင့် အပြင်း အထန်ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းရဲဘော်များကဆိုသည်။
ရှေ့တန်းရဲဘော် ၁ ဦးက “အခုမနက်တင် လေယာဉ်က တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ဗုံးလာချတာ။ တိုက်ပွဲမဖြစ် တဲ့နေရာတွေမှာတောင် ဗုံးချသွားလို့ လင်မယား ထိတယ်လို့ ကြားတယ်” ဟု ဆိုသည်။
လေကြောင်းဖြင့်ပစ်ခတ်လိုက်သည့် ဗုံး သည် ကုန်းလောကျေးရွာနှင့် ၈ မိုင်ခန့်ဝေးသော (ဒေသအခေါ် ရှမ်းရွာ) နောင်လိုက်ကျေးရွာဘုန်းကြီးကျောင်း လမ်းဆုံအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ထို့ပြင် ယမန်နေ့နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မိုး မောက်မြို့နယ်၊ မင်းကျမ်းကျေးရွာရှိ ဒေသခံ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ အမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “မနေ့က ဗမာစစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ လက်နက်ကြီး အိမ်တည့်တည့်ကိုကျလို့ ကလေး ၁ ယောက်ဦးခေါင်းထိလို့ သေဆုံးပြီး ၂ ယောက်ကတော့ ဒဏ်ရာရတယ်” ဟုပြောသည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ခတ်ရုံသာမက လေကြောင်းဖြင့်လည်း တစ်နေကုန်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ ပစ်ခတ်သည့်လက်နက်ကြီးသည် မိုးမောက်မြို့နယ် ပန်ချိုးဟိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျရောက်ပေါက် ကွဲခဲ့ကာ ကျောင်းဆောင်အပါအဝင် ဆိုင်ကယ်နှင့် ကားများ ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယင်းအပြင် စစ်ကောင်စီကပစ်ခတ်သည့်လက်နက်ကြီးကြောင့် မတ်လ ၂၁ ရက်ကလည်း မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာ မိုးလဲချောင်းတစ်ဖက်ကမ်းတွင်တည်ရှိသည့် ဟင်္သာကျေးရွာတွင် တိုက်ပွဲတိမ်းရှောင်နေသည့် အမျိုးသမီး ၂ ဦး သေဆုံးကာ ယောက်ျားလေး ၁ ဦး နှင့် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကချင်ပြည်နယ် မိုးမောက်မြို့တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်နေပြီး ကုန်းလောကျေးရွာအနီးရှိ စီဟတ်ကျေးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၃၂၀ တပ်ရင်း ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
ပုံစာ – ဘွမ်ရယ်တောင်စခန်းကို KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မြင်ကွင်း။
************
Telegram– > https://t.me/newstlk/3994
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8688