ရွေးကောက်ပွဲကို ပြည်လုံးကျွတ်မကျင်းပနိုင်တော့ဟု စစ်ခေါင်းဆောင်ဝန်ခံ
*******
သံလွင်ခက်
မတ်လ ၂၆၊ ၂၀၂၄။
စစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်နေသောမြန်မာနိုင်ငံတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းသွားလျှင် ရွေးကောက်ပွဲကျင်းပရန် မြန်မာစစ်တပ်ကစီစဥ်ထားသော်လည်း ရွေးကောက်ပွဲကို ပြည်လုံးကျွတ်ကျင်းပနိုင်တော့မည်မဟုတ်ဟု စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုလိုက်သည်။
လက်ရှိအချိန်မှာတော့ မြန်မာစစ်အာဏာရှင်များသည် ဘက်ပေါင်းစုံထိုးစစ်များနှင့် ရင်ဆိုင်နေရသည်။
မြန်မာပြည်သူများကရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကိုဖြုတ်ချပြီး လွန်ခဲ့သော ၃ နှစ်ကျော်ကအာဏာသိမ်းယူခဲ့သည့် မြန်မာစစ်တပ်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်ရေးစနစ်ဆီရောက်အောင် ဆက်လက်စွမ်းဆောင်နေဆဲဖြစ်သည်ဟု ရုရှားသတင်းဌာန ITAR – TASS News Agency နှင့် တွေ့ဆုံမေးမြန်းခန်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖြေကြားခဲ့သည်။
“နိုင်ငံတော် တည်ငြိမ်အေးချမ်းသွားပြီဆိုရင်တော့ ရွေးကောက်ပွဲကို ဥပဒေအတိုင်းမကျင်းပနိုင်ခဲ့ဘူးဆိုရင်တောင် တတ်နိုင်သမျှ သက်ဆိုင်ရာကဏ္ဍတွေမှာ ကျင်းပသွားဖို့ရှိပါတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရန်နှင့် တော်လှန်ရေးဘက်တော်သားများချေမှုန်းရန်လိုအပ်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာစစ်ခေါင်းဆောင်သည် ၆ လလျှင်တစ်ကြိမ် အကြိမ်ကြိမ်သက်တမ်းတိုးနေခဲ့သည်။
မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်းလုံးမငြိမ်းချမ်းရလေအောင် လက်နက်ကြီး၊ လေယာဥ်ပစ်ကူများသုံးပြီး အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၂ ဒဿမ ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ ကထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီပေါင်း ၄၀ ကျော်ကို မြန်မာစစ် တပ်ကဖျက်သိမ်းခဲ့ပြီး စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲသည် အတု အယောင်ရွေးကောက်ပွဲသာဖြစ်လိမ့်မည်ဟု လေ့လာသုံးသပ်သူများနှင့် အနောက်နိုင်ငံများကဆိုသည်။
Ref: Reuters
ပုံစာ – စစ်ခေါင်းဆောင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR – TASS မီဒီယာတာဝန်ရှိသူ ၁ ဦးတို့ မတ်လ ၁၈ ရက်က တွေ့ဆုံစဥ်။
************
Telegram– > https://t.me/newstlk/3992
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8682