မတ်လအတွင်း KNU တပ်မဟာ ၆ နယ်မြေရှိ တပ်စခန်း ၉ ခုကို ပူးပေါင်းတပ်များသိမ်းပိုက်ထား
*******
နန်းဆုပန်ခန့်
မတ် ၂၆၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၆ နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသား အစည်းအရုံး – KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော် – PDF နှင့် ကာကွယ်ရေးပူးပေါင်းတပ်များပူးပေါင်းပြီး မတ်လအတွင်း စစ်တပ်စခန်း ၉ ခုသိမ်းပိုက် နိုင်ခဲ့သည်ဟု မြေပြင်ရဲဘော်များထံက သိရသည်။
မတ်လ ၇ ရက်ကစ၍ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ဒေသအတွင်းရှိ စစ်ကောင်စီ ခြေမြန် တပ်ရင်း ခမရ-၃၅၅ အားစတင်ထိုးစစ်ဆင်ခဲ့ရာ တပ်စခန်းတချို့သိမ်းပိုက်နိုင်ခဲ့ပြီး တချို့ကိုတော့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု မြေပြင်ရဲဘော် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ အစ်ကိုတို့ဆီမှာဆိုရင် ၃၅၅ ရယ်၊ ၃၅၆ ရယ်၊ တာဝါတိုင်ရယ်၊ ရဲစခန်းရယ် ရပြီဆိုတော့ အဲ့ဘက်မှာ ကျန် တာဆိုလို့ ၃၅၇ ရယ် ဗျူဟာကုန်းရယ်ပေါ့။ ၃၅၇ ကလည်း ကုန်းပေါ်မှာ လူတွေ သိပ်မရှိတော့ဘူး၊ သူတို့လူတွေ ထွက်ပြေးတော့ သူတို့က အပေါ်မှာ လေယာဉ်တွေနဲ့ကော လာကြဲတာ” ဟု ဆိုသည်။
မတ်လ ၇ ရက် နံနက် ၁၀ နာရီကျော်ကစ၍ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ စကခ ၁၂ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ – ၃၅၅ တပ်ရင်းအား စတင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်း ၆ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နေ့ တစ်ရက်တည်းမှာပင် ခမရ – ၃၅၅ အနီးရှိ တာဝါတိုင်ကုန်းကိုလည်း ကာကွယ်ရေး ပူးပေါင်းတပ်များက ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် မတ်လ ၉ ရက်တွင် သင်္ဃန်းညီနောင်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
မတ်လ ၁၁ ရက်တွင်လည်း ခလရ – ၂၇၅ တပ်ရင်းသို့ အင်အားဖြည့်တင်းရန်ပြင်ဆင်နေသော ဖလူးစခန်းရှိ စစ် ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၅ မိနစ်အကြာ၌ စခန်းကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည်။
မတ်လ ၁၄ ရက်မှာတော့ ကာကွယ်ရေးပူးပေါင်းတပ်များက ကော့ကရိတ်မြို့နယ်အတွင်း ၂၇ နှစ်ကြာတပ်စွဲထား သော စကခ ၁၃ လက်အောက်ခံ ကျိုက်ဒုံ စစ်ကောင်စီဗျူဟာကုန်းစခန်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်း ၆၆ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် မတ်လ ၁၅ ရက်တွင် သင်္ဃန်းညီနောင်ဒေသရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၃၅၆ တပ်ရင်းကို ထပ်မံသိမ်းဆည်းနိုင်ခဲ့ပြီး မတ်လ ၂၅ ရက်၌လည်း ကော့ကရိတ်မြို့မြောက်ပိုင်း ကော့ဘိန်းရဲစခန်းကို သိမ်းပိုက်နိုင် သည့်အပြင် ဗိုလ်ကြီး၊ ရဲအုပ်၊ စခန်းမှူးအပါအဝင် စစ်သုံ့ပန်း ၄၁ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲတစ်ခုဖြစ်သည့် ကျိုက်ဒုံမြို့ရှိ မဲသရောထစခန်းနှင့် ရေတလျောက်စခန်းများ ကို မတ် ၁၄ ရက်တွင် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/အထူးတပ်ဖွဲ့) နှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့ များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ် ၁၉ ရက်၌ မဲသရောထအထိုင်စခန်းကို အပြီးတိုင် တိုက်ခိုက်သိမ်း ပိုက်ခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်။
မတ်လ ၂၀ ရက် ည ၁၀ နာရီအချိန်ခန့်တွင် ရေတလျောက်စခန်းရှိ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသည့်အတွက် ၂၁ ရက်၌ နယ်မြေရှင်းလင်းခဲ့ပြီး ယင်းစခန်းများ၏ နယ်စပ်တလျှောက်ကို KNLA နှင့် SOF တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့သည်ဟု SOF ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်ကစပြီး တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ် မြို့နယ်၌ ၃ လခန့်အကြာတွင် ကော့ကရိတ် – ဘားအံ အာရှလမ်းအား ထိန်းချုပ်နိုင်ခဲ့ပြီး ကော့ကရိတ်မြို့ပေါ် ၆၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ခဲ့သည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသက ယခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်၌ ထုတ်ပြန် ထားသည်။
************
Telegram– > https://t.me/newstlk/3995
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8691