ရခိုင်ရှိစီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရန် AA တရားဝင်ကမ်းလှမ်း
*******
ခင်သရဖီဦး
မတ် ၂၅၊ ၂၀၂၄။
ရခိုင်ပြည်နယ်ရှိ စီမံကိန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လည်ပတ်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော် – AA နှင့်လာရောက်ပူးပေါင်းရန် ယနေ့မတ်လ ၂၅ ရက်တွင် AA က တရားဝင်ကမ်းလှမ်းလိုက်သည်။
AA အနေဖြင့် ရခိုင်ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုမဆို အသိ အမှတ်ပြုသည်ဟု ဆိုထားသည်။
“ရခိုင်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် မိမိတို့အဖွဲ့အစည်းနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် မိမိဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အနာဂတ်ကာလတွင် နိုင်ငံတကာနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အထောက်အကူပြုသော အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ရပ်တည်ကြိုးပမ်းသွားမည်ဟု AA က ဆိုသည်။
” ဒေသအတွင်း တည်ငြိမ်မှုရရှိအောင် စနစ်တကျ ထိန်းသိမ်းသွားပြီး အာရက္ခပြည်သူလူထု၏ အကျိုး
စီးပွား၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်။ ထို့ကြောင့် အာရက္ခဒေသ
အပေါ် စစ်မှန်သည့် စေတနာရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းသည့်
ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်လိုကြသောသူများကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါသည်” ဟု ဖော်ပြထားသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် AA တို့် တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄လကျော်ကြာမြင့်လာပြီဖြစ်ကာ AA အနေဖြင့် ပလက်ဝ အပါအဝင် မြို့နယ် ၇ ခုအား သိမ်းပိုက်ထားသည်။
ရခိုင်တွင် အိန္ဒိယနိုင်ငံကဆောင်ရွက်နေသော ကုလားတန်စီမံကိန်းနှင့် တရုတ်နိုင်ငံကဆောင်ရွက်နေသော ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းများ အပြိုင်တည် ရှိနေသည်။
ပုံစာ – ဒီဇိုင်းရေးဆွဲထားသော ကျောက်ဖြူအထူးစီးပွား ရေးဇုံ။
************
Telegram– > https://t.me/newstlk/3986
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8668