စစ်ရှောင်ရင်းစာမေးပွဲဖြေဆိုခဲ့သည့် ကန်ပက်လက်ကျောင်းသားများ အားလုံးနီးပါးအောင်မြင်
*******
ထွယ်
မတ် ၂၅၊ ၂၀၂၄။
တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းရန်ကို စိုးရိမ်သဖြင့် တောတွင်းတစ်နေရာ၌ စာမေးပွဲဖြေဆိုခဲ့ကြရသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်ကျောင်း သူ၊ ကျောင်းသားများ
၏ ၉၉ ရာခိုင်နှုန်း စာမေးပွဲအောင်မြင်သည်ဟု မြို့နယ်ပညာရေးမှူးထံက သိရသည်။
ကန်ပက်လက်မြို့နယ်ရှိ ကျောင်းသူ၊ ကျောင်းသားများသည် စနစ်သစ်ပညာရေးသင်ရိုးကို သင်ကြားရပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွင်း သူငယ်တန်း – KG မှ ဧကာဒသမတန်း – Grade 11 ထိ ကျောင်းသူ၊ ကျောင်းသား လူဦးရေ ၆,၀၀၀ ကျော်ရှိသည်ဟု ဒုမြို့နယ်ပညာရေးမှူး က သံလွင်ခက်ကို ပြောသည်။
၎င်းက “အခြေအနေတအားဆိုးတဲ့ကလေးတွေကိုပဲ သူ့မိဘနဲ့တိုင်ပင်ပြီး အတန်းချတာဆိုတော့ အားလုံးနီးပါးအတန်းအောင်ကြပါတယ်” ဟု ပြောသည်။
ထို့ပြင် ကိုဗစ် – ၁၉ ရောဂါ ပျံ့နှံ့ဖြစ်ပွားကာ ကျောင်းသူ၊ ကျောင်းသားများ စာသင်ခွင့် ၁ နှစ်ရပ်ဆိုင်းလိုက်ရသဖြင့် ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ကန်ပက်လက်တစ်မြို့နယ်လုံးတွင် ဒွါဒသမတန်း – Grade 12 တွင် တက်ရောက်သင်ကြားမည့် ကျောင်းသူ၊ ကျောင်း သားမရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း နိုင်ငံရေးနှင့် တိုက်ပွဲအခြေအနေကြောင့် ကျောင်းသူကျောင်းသားတို့၏ ပညာသင်ကြားရေးကာလသည် ၇ လသာရှိခဲ့ပြီး ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်၏ စာမေးပွဲအောင်စာရင်းကို မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကိုတော့ ယခုနှစ် ဇွန် လတွင် စတင်သင်ကြားသွားမည်ဟု ဒုမြို့နယ်ပညာရေးမှူးက ပြောသည်။
ကန်ပက်လက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက တည်းက ကျင်ဒွေးမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေပြီး ကျင်ဒွေးမြို့ကဒေသခံများအပါအဝင် အနီးအနားကျေးရွာ များရှိ ဒေသခံ ၃,၀၀၀ ခန့်မှာ ယနေ့အချိန်ထိ တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါတိုက်ပွဲကြောင့် ကလေးမိဘများ လေကြောင်းရန်ကိုစိုးရိမ်နေကြပြီး ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များလည်း စာသင်ကျောင်းကဲ့သို့ လူစုလူဝေးဖြစ်မည့်နေရာများကို ရှောင်ကြဉ်ခိုင်းသဖြင့် ကျောင်းသူ၊ ကျောင်းသားများသည် စာသင်ခန်း၏ ပြင်ပ ကန်ပက် လက်မြို့နယ်၏ တောတွင်းတစ်နေရာတွင် ပညာသင်ကြား၊ စာမေးပွဲဖြေဆိုခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးလမ်းမကြီးပေါ်က မဆာတွီကျေးရွာကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်ကလည်း လေကြောင်းဖြင့် ၄ ကြိမ်တိုင် လာရောက်ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်သည် မင်းတပ်ခရိုင်တွင်တည်ရှိပြီး ၎င်းမြို့နယ်၏ အရှေ့တွင် မကွေးတိုင်း ဆောမြို့နှင့်ထိစပ်နေကာ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၄,၀၀၀ ခန့်ရှိပြီး လူဦးရေ ၂၀,၀၀၀ ခန့် ရှိသည်ဟု သိရသည်။
ပုံစာ – ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာက တောတွင်းတစ်နေရာတွင် စာမေးပွဲဖြေဆိုနေသည့် မှူးချိန်းဒိန်း အထက ကျောင်းသူ၊ ကျောင်းသားများ။
************
Telegram– > https://t.me/newstlk/3987
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8673