ရွာလုံးကျွတ်မောင်းထုတ်ခံခဲ့ရသည့် ရခိုင်ဒေသခံများကို လေကြောင်းဖြင့်ပါ စစ်ကောင်စီတိုက်ခိုက်
*************
ယမင်းဖူးပွင့်အောင်
မတ် ၂၅၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်ကောင်စီက ရွာသားအားလုံးကို မောင်းထုတ်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။
အမ်းမြို့နယ်အတွင်း အိမ်ခြေ ၁၄၀ ခန့်ရှိ ပြောင်သေကျေးရွာတွင် ဒေသခံရွာသားများအပါအဝင် အနီးဝန်းကျင်၌ တောင်ယာလုပ်ကိုင်နေသူများအားလုံးကိုပါ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ၁ မိုင်ကျော်ကွာဝေးသည့် နတ်စင်တောင်ကို ယမန်နေ့က စစ်ကောင်စီတပ်သား အယောက် ၅၀ ခန့်လာရောက်စစ်ကြောင်းထိုးပြီးနောက် ညနေပိုင်းတွင် နတ်စင်တောင်အနီးရှိ ပြောင်သေ ကျေးရွာကရွာသားများကိုမောင်းထုတ်ကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု အမ်းမြို့ဒေသခံ တက်ကြွလှုပ်ရှားသူ အမျိုးသား ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“ညနေပိုင်းမှာ နတ်စင်တောင်ရဲ့အနီးအနားမှာရှိတဲ့ ပြောင်သေရွာက ရွာသားတွေအကုန်လုံးကို စစ်ကောင်စီက မောင်းထုတ်တယ်။ ပြောင်သေရွာရဲ့ပတ်ဝန်းကျင်မှာ တောင်ယာလုပ်ကိုင်နေတဲ့သူတွေ အကုန်လုံးကိုလည်း မောင်းထုတ်လိုက်တယ်။ အဲဒီအနီးတဝိုက်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာတွေ၊ လေယာဉ်နဲ့ ပစ်တာတွေ တောက်လျှောက်ရှိတယ်” ဟုဆိုသည်။
ထို့ပြင် ယမန်နေ့က အမ်းမြို့နယ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို ခရီးသည်တင်လေယာဉ်ဖြင့် ရန်ကုန်သို့ပို့ဆောင်ခဲ့ပြီး ယင်းသို့ ပို့ဆောင်ခံရသူများထဲတွင် ပြောင်သေကျေးရွာဒေသခံ နိုင်/ကျဉ်း ၂ ဦးလည်း ပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီသည် အကျဉ်းသားများကို ရခိုင်ပြည်နယ်နှင့်ဝေးရာကိုခေါ်ဆောင်ပြီး သတင်းဖျောက်ဖျက်ပစ်မည်နှင့် စစ်မှုထမ်းခိုင်းမည်ကိုလည်း အကျဉ်းသားများ၏ မိဘများက စိုးရိမ်ပူပန်နေကြသည်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော် – AA တပ်ဖွဲ့ဝင်များရှိနေသည်ဟုယူဆကာ စစ်ကောင်စီက နတ်စင်တောင်နှင့် အနီးတဝိုက် တောင်တန်းများသို့ အဓိကထား ဦးတည်တိုက်ခိုက်နေသည်ဟု ဒေသခံ ၁ဦးက ပြောသည်။
၎င်းက “ဒီမနက် ၈ နာရီလောက်မှာလည်း တောင်တန်းတွေကို အဓိကပစ်တယ်။ ဒီနေ့နေ့လယ်ပိုင်းမှာလည်း မကွေးလေဆိပ်ကနေ Mi 35 လေယာဉ်နဲ့လာပြီးတော့ နတ်စင်တောင်နားမှာရှိတဲ့တောင်တန်းတွေကို တောက်လျှောက်လာပစ်တာရှိတယ်” ဟုပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးတွင် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သံလွင်ခက်က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒေသခံများကို မေးမြန်းရာ ၎င်းတို့ကိုယ်တိုင်လည်း အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၄ လခန့်ကစ၍ AA နှင့် စစ်ကောင်စီတို့ကြားတိုက်ပွဲဖြစ်ပွားနေပြီး AA က ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
စစ်ရေးအရဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်းရှိ နေရာအနှံ့အပြားကို လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေရာ ပြည်သူများလည်း ထိခိုက်သေဆုံးနေကြရသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်ကလည်း မင်းပြားမြို့နယ် သာဒေကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၃ ဦးသေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – ရခိုင်ပြည်နယ်က စစ်ရှောင်များ။
************
Telegram– > https://t.me/newstlk/3984
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8664