ပူတာအိုမြို့တွင် ဆန်ပြတ်လပ်နေသည့်အပြင် စားသောက်ကုန်နှင့် စက်သုံးဆီများ စျေးမြှင့်တက်
*****
ထွယ်
မတ် ၂၅၊ ၂၀၂၄။
ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ကြီးနားမြို့နှင့် ၂၁၈ မိုင်ခန့်အကွာတွင်ရှိသည့် ပူတာအိုမြို့တွင် ဆန်ပြတ်လပ်နေသည့်အပြင် စားသောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်းများ မြှင့်တက်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
မြစ်ကြီးနားမြို့မှ မိုင် ၈ဝ ခန့်အကွာတွင်ရှိသည့် ဆွမ်မရာဘွမ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ ပတ်ကျော်ခန့်ရှိပြီဖြစ်ပြီး မြစ်ကြီးနား – ပူတာအို ကားလမ်းပိတ်ထားသည်မှာလည်း ၃ ပတ်ခန့်ရှိပြီဖြစ်သည်။
ထိုသို့ ကားလမ်းပိတ်ထားသဖြင့် ပူတာအိုမြို့တွင် ဆန်ပြတ်လပ်နေသည်မှာ ၁ ပတ်ခန့်ရှိပြီဟု ပူတာအိုမြို့က ဆန်ကုန်သည် အမျိုးသမီး ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ဆန်က မရှိတော့ဘူး၊ ပြတ်သွားတာ ကြာပြီ။ သူများဆိုင်တော့ မသိဘူး။ ကျွန်မဆိုင်တော့ ဆန်မရောင်းတာ ၁ ပတ်ရှိပြီ။ ဆန်က ပူတာအို တစ်မြို့လုံး ပြတ်နေတာ” ဟု ပြောသည်။
လယ်ပိုင်၊ ယာပိုင်မရှိသည့်ဒေသခံများသည် ရပ်ကွက်ဆိုင်နှင့် မနက်ဈေးများတွင် ဒေသဆန်များကို ခွက်ချိန်ဖြင့် ဝယ်စားနေကြသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ပူတာအိုမြို့အတွင်း ဓာတ်ဆီဝယ်ယူရာမှာလည်း အကန့်အသတ်ဖြင့်သာ ဝယ်ယူနေကြရသည်ဟု ပူတာအိုဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
၎င်းက “ဓာတ်ဆီဆိုလည်း ၁ ယောက်မှာ ၁ ရက်ကို ၅,၀၀၀ ဖိုးပဲ ဝယ်လို့ရတယ်။ ဒီမှာက CB ကြက်တွေ သိပ်မမွေးတော့ ကြက်သားတွေလည်း စျေးတက်တယ်။ အောက်ပြည်ကဝယ်ရတဲ့ ကုန်ခြောက်မှန်သမျှ ဈေးတက်ကုန်တာပါပဲ” ဟု ပြောသည်။
အချို့ရပ်ကွက်များတွင် ဆန် ၁ အိတ်ကို ၁၈၀,၀၀၀ ကျပ်၊ စားသုံးဆီ ၁ လီတာကို လွန်ခဲ့သည့် လက ၆,၅၀၀ ကျပ်ပေးဝယ်ရသော်လည်း ယခုတွင်မူ ၉,၀၀၀ ကျပ်ဖြင့်ဝယ်ယူစားသုံးနေရပြီး ငရုတ်သီးနို့ဆီခွက် တစ်ဗူးလျှင် ၂,၀၀၀ ကျပ်ဖြင့် ဝယ်ယူစားသောက်လျက်ရှိသည်ဟု ပူတာအိုမြို့တွင်နေထိုင်သည့် ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
ပူတာအိုမြို့တွင် ဆန်ပြတ်လပ်နေသည့်အပြင် မြစ်ကြီးနားမြို့မှတင်သွင်းသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ လည်း ဈေးနှုန်းမြှင့်တက်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ထို့အပြင် လွန်ခဲ့သည့်လက ၁,၀၀၀ ကျပ်ဖိုးလျှင် ၃ လုံးရသည့်ကြက်ဥမှာလည်း ယခုအခါ ၁ လုံး ၅၀၀ ကျပ်ဖြင့် ဝယ်ယူစားသုံးနေရပြီး အချို့ရပ်ကွက်များတွင် ကြက်ဥဝယ်ယူစားသောက်ရန်ပင်ခက်ခဲနေပြီး အခြေခံ စားသောက် ကုန်များ ပြတ်လပ်လျက်ရှိသည်ဟု ပူတာအိုဒေသခံများက ပြောသည်။
ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏မြောက်ဘက်စွန်းခရိုင်မြို့ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၄၈၀ တွင် တည်ရှိကာ ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ စု ရှိသည့်မြို့နယ်ဖြစ်သည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ပူတာအိုမြို့တွင် အိမ်ထောင်စု စုစုပေါင်း ၁၀,၀၀၀ ကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၆၀,၀၀၀ ကျော်နေထိုင်သည်ဟု သိရသည်။
ပုံစာ – ပူတာအို မြို့မ မနက်ခင်းဈေး။
************
Telegram– > https://t.me/newstlk/3983
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8661