မဲဆောက်တွင် ယာဥ်တိုက်မှုကြောင့်ကွယ်လွန်ခဲ့သော ကျောင်းသူ မနန်းသီရိနိုင် ၏ ဈာပနကျင်းပ
********************
သံလွင်ခက်
မတ် ၆၊ ၂၀၂၄။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ လေယာဉ်ကွင်းရှေ့ ယာဉ်တိုက်မှုဖြစ်စဉ်တွင်ကွယ်လွန်ခဲ့သည့် အသက် ၁၀ နှစ်အရွယ်ကျောင်းသူ မနန်းသီရိနိုင် ၏ ကြွင်း ကျန်ရစ်သောရုပ်အလောင်းအား ယနေ့ မတ်လ ၆ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လယ်၌ မဲဆောက်မြို့ရှိ ထေ့စပန်းမီးသင်္ဂြိုလ်စက်သို့ ပို့ဆောင်သင်္ဂြိုလ်ခဲ့သည်။
ပြီးခဲ့သည့် မတ် ၂ ရက်၊ နေ့လယ် ၂ နာရီအချိန်ခန့်က မဲဆောက်မြို့၊ ဖတ်ထလဝစ်ကျောင်း၌ အချိန်ပိုသင်ကြား နေသည့် မြန်မာကျောင်းသားများအားသွားကြိုလာသည့် ပရိုဘောက်စ်ကားသည် မဲဆောက်လေယာဉ်ကွင်းရှေ့ မီး ပွိုင့်တွင် ကားရပ်ထားစဉ် မြေတင်လာသည့်ထိုင်းကား ၁ စီးက အရှိန်မထိန်းနိုင်ဘဲ အနောက်ကဝင်ရောက်တိုက်မိ ခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားမောင်းသူနှင့် ကျောင်းသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကျောင်းသူလေး မနန်းသီရိနိုင် မှာ မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် မတ်လ ၄ ရက် တွင် သေဆုံးခဲ့သည်။
ယနေ့ နေ့လယ် ၁၁ နာရီမှာတော့ မဲဆောက်မြို့ ကျောင်းကြီးဘုန်းကြီးကျောင်းတွင်တရားနာ၍ နေ့လယ် ၁ နာရီခန့်က မီးသင်္ဂြုလ်ခဲ့သည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ သံလွင်ခက်က ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။
ဓာတ်ပုံ – သံလွင်ခက်