စစ်အုပ်စုကို အာဆီယံ – ရုရှားဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် အာဆီယံခန့်အပ်
**********************
သံလွင်ခက်
မတ် ၆၊ ၂၀၂၄။
မြန်မာစစ်တပ်အာဏာသိမ်းယူခဲ့သည့်ကာလ ၃ နှစ်ကျော်လာချိန်မှာတော့ အာဆီယံက မြန်မာစစ်အုပ်စုအား ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမည်ဟုယူဆရသော ရုရှား – အာဆီယံဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအသစ် အဖြစ် ခန့် အပ်လိုက်သည်ဟု Justic For Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။
ယခုကဲ့သို့သော အာဆီယံ၏လုပ်ဆောင်ချက်သည် စစ်အုပ်စုအား မြန်မာအစိုးရသဖွယ် အသိအမှတ်ပြုဆက်ဆံ လိုက်ခြင်းဖြစ်သလို စစ်အုပ်စုအား လက်နက်အဓိကရောင်းချပေးနေသည့် ရုရှားအစိုးရနှင့် ၎င်းတို့၏ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေရန် အားပေးကူညီရာလည်းရောက်နေပါသည်။
Justic For Myanmar ၏ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် ကလည်း
“မြန်မာနိုင်ငံအတွင်း အကြပ်အတည်းတွေ အပေါ် တုံ့ပြန်ဖြေရှင်းတဲ့နေရာမှာ အာဆီယံဟာ ထိရောက်မှုမရှိသလို၊ အသုံးလည်း ဝင်မနေပါဘူး” ဟုပြောသည်။
မြန်မာစစ်အုပ်စုသည် ဒေသတွင်းလုံခြုံရေးကို အဓိကခြိမ်းခြောက်နေသည့် ရာဇဝတ်ဂိုဏ်းဖြစ်သည့်အပြင် အိမ်နီး ချင်းနိုင်ငံများအတွက် ဒုက္ခသည်ဆိုင်ရာအကြပ်အတည်းကို ဖန်တီးပေးနေသည့်အဖွဲ့အစည်းလည်းဖြစ်သည်။
ယင်းအပြင် ဆိုက်ဘာငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့် သဘာဝသယံဇာတရင်းမြစ်များအား တရား မဝင်ကုန်သွယ်ရောင်းချနေခြင်းများကလည်း စစ်အုပ်စုက အကျိုးအမြတ်များစွာရရှိနေပါသည်။
လက်ရှိအချိန်တွင် ရုရှားနိုင်ငံကလည်း ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လျက်ရှိနေပြီး အဆိုပါကျူးကျော်စစ် ပွဲကို မြန်မာစစ်အုပ်စုကလည်း ထောက်ခံအားပေးနေပါသည်။
အာဆီယံ၏ဆောင်ရွက်ချက်က ဖော်ပြပါလုပ်ရပ်များအပေါ် အားပေးထောက်ခံနေသည်သာမက စစ်အုပ်စုအတွက် လည်း အကျိုးအမြတ်များစွာဖြစ်ထွန်းစေပါသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်းကပဲ ရုရှားနိုင်ငံခြားရေးဒုဝန်ကြီးကို နေပြည် တော်၌ စစ်အုပ်စုကလက်ခံတွေ့ဆုံခဲ့ပြီး ရုရှားဝါဒဖြန့်ချိရေးသတင်းများအရဆိုလျှင်မူ ယင်းတွေ့ဆုံမှု၏အဓိကရည်ရွယ်ချက်သည် ရုရှား – အာဆီယံ ဆွေး နွေးပွဲအလားအလာများကို ဆွေးနွေးရန်ဖြစ်သည်ဟု ဆိုပါသည်။
နေပြည်တော်ဆွေးနွေးမှုများအတွင်း နျူကလီးယားနည်းပညာ လွှဲပြောင်းပေးအပ်ရေးအစီအစဥ်များလည်းပါဝင်ခဲ့ ပြီး ယင်းနည်းပညာအားလက်ခံရယူမည့်သူက စစ်အုပ်စုဖြစ်သည့်အတွက် အရှေ့တောင်အာရှဒေသတွင်း နျူကလီး ယားပြန့်ပွားစေမည့်အလားအလာလည်းဖြစ်နေသည်။
စစ်အုပ်စုအား ရုရှား – အာဆီယံဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအသစ်အဖြစ် ခန့်အပ်လိုက်ခြင်းသည် စစ်အုပ်စု နှင့်ရုရှားနိုင်ငံတို့ကကျူးလွန်နေသည့် အစု လိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ၊ ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခြင်းနှင့် ဗုံးကြဲခြင်းများ၊ မုဒိန်းကျင့်နေခြင်းများ၊ ညှဥ်းပန်းနှိပ်စက်နေခြင်းများ၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင် နေခြင်းများနှင့် အဓမ္မဖိအားပေးရွှေ့ပြောင်းစေခြင်းများအပါအဝင် ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်ရန် အာဆီယံက ခွင့်ပြုပေးလိုက်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့်လည်း အာဆီယံက မြန်မာစစ်အုပ်စုအား တရားဝင်မှုပေးအပ်နေခြင်းအား ချက်ချင်းရပ်တန့်ရန်နှင့် အာဆီယံအစည်းအဝေးများက စစ်အုပ်စုကိုပိတ်ပင်ရန် Justic For Myanmar ကတောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အာဆီယံညှိနှိုင်းရေးမှူးများသည် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ဆက်ဆံရေးကို စီံမံခန့်ခွဲရာတွင် တာဝန် အရှိဆုံးဖြစ်သလို အစည်းအဝေးများတွင် ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခြင်း၊ ဆက်ဆံရေးဆိုင်ရာများ တိုးမြှင့် ဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆွေးနွေးမှုများတွင် အာဆီယံကိုယ်စားပြုဆွေးနွေးခြင်းနှင့် နိုင်ငံတကာတွင် အာဆီယံ၏ အကျိုးစီးပွားအားမြှင့်တင်ခြင်းများ ဆောင်ရွက်ရလေ့ရှိသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ် မေလအစီ ရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံသည် မြန်မာစစ်အုပ်စုထံ အမေရိကန်ဒေါ်လာ ၄၀၆ သန်း တန်ဖိုးရှိ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းရောင်းချပေးခဲ့သည်ဟု သိရသည်။