သမီးရည်းစားချင်းသတ်ဖြတ်မှုဖြစ်စဉ် မဘသ အင်အား ၁၀၀၀ ခန့်က ဗလီကိုလှည့်ကာ နာရေးချဖို့ စီစဉ်နေ
***********************
သံလွင်ခက်
မတ် ၂ ၊ ၂၀၂၄ ။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော သမီးရည်စားချင်းသတ်ဖြတ်မှုဖြစ်စဉ် နာရေးအတွက် ရန်ကုန်မြို့မှ မဘသ အင်အား ၁၀၀၀ ခန့် ဖြူးမြို့ကိုရောက်ရှိလာပြီး နာရေးအစီအစဉ်ကို ဘာသာရေး အဓိကရုန်းဖြစ်ပွားစေရန် ရည်ရွယ်လုပ်ဆောင်နေသည်ဟု မြို့ခံများထံက သိရသည် ။
ဖြူးမြို့ ၊ ဗထူးရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လည်ပိုင်းတွင် အစ္စလာမ်ဘာသာဝင် အမျိုးသားလူငယ်နှင့် ဗမာအမျိုးသမီးလူငယ်တို့ သမီးရည်းစားချင်း ချိန်းတွေ့စဉ် ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်မှ ဓားဖြင့်ထိုးခဲ့သူ အစ္စလာမ်ဘာသာဝင်အမျိုသားလူငယ်အား ဖြူးမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု မြို့ခံများထံက
သိရသည် ။
ထိုဖြစ်စဉ်မှ အသက်ဆုံးရှုံးခဲ့သူ အမျိုးသမီး၏ နာရေးကို ယနေ့ မတ်လ ၂ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ပြီး မဘသ အင်အား အများအပြားရောက်ရှိနေသည်ဟု ဖြူးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
” ရန်ကုန်က ဆင်းလာတာ မနေ့က ထပ်ရောက်တာက ကား ၆ စီး ၇စီးလောက်ရှိမယ်။ အရင်နေ့က ရောက်ထားတာတွေလည်းရှိသေးတယ်။ အားလုံးပေါင်း ဒီ မဘသကော ဘုန်းကြီးကော အင်အား တစ်ထောင်ရှိပါးရောက်နေတယ်လို့ သိရတယ် “ဟု ၎င်းက ပြောသည် ။
အခင်းဖြစ်ပွားရာနေရာနှင့် အသက်ဆုံးရှုံးခဲ့သူ အမျိုးသမီ၏ နေအိမ်သည် ဖြူးမြို့အရှေ့ဘက်တွင်ရှိသော်လည်း နာရေးချရာတွင် ၎င်းနေရာနှင့် ဆန့်ကျင်ဘက် မြို့အနောက်ဘက် ဆေးရုံ ရပ်ကွက် ၊ ၂ လမ်းရှိ အစ္စလာမ်ဘာသာဝင်များ ရပ်ကွက်ထိလာ၍ ဗလီကို လှည့်လည် ပြုလုပ်သွားမည်ဟု သိရသည်။
” ဗလီက ဖြူးမြို့ရဲ့ အနောက်ဘက်အစွန်မှာ သူတို့နေတာက ဖြူးမြို့ အရှေ့ဘက်အစွန်မှာ။ မြို့ရဲ့ အရှေ့နဲ့ အနောက်ကို လှည့်မှာ။ ပြီးတော့ ဗမာသင်္ချိုင်းကလည်း အရှေ့ဘက်မှာပဲရှိတာ။ အနောက်ဘက်မှာရှိတဲ့ သင်္ချိုင်းက ကားလမ်း အနောက်ဘက်က ဗမာတွေပဲ သဂြိုလ်တာ။ ကားလမ်းအရှေ့ဘက်မှာသေတဲ့သူတွေက အရှေ့ဘက် သင်္ချိုင်းမှာပဲ သဂြိုလ်ကြတာ။ သူတို့က ဒီဘက် အနောက်ဘက်မှာလည်းမချဘူး ။ ဗလီကို သက်သက်လှည့်ဖို့အတွက်ကိုပဲ လာမှာ ပြီးရင် အရှေ့ဘက် သင်္ချိုင်းမှာပဲ သဂြိုလ်မှာ “ဟု ဖြူးမြို့က အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးကပြောသည်။
နာရေးလှည့်လည်မည့် အချိန်၊ နာရေးအစီအစဉ်ကို အသိပေးမဖော်ပြထားသည့်အပြင် နာရေးအိမ်ပတ်ဝန်ကျင်းသို့ သွားလာမှုများကိုလည်း မည်သည့်ဘာသာဝင်ဖြစ်ကြောင်း မေးမြန်းမှုများရှိနေပြီး လုံခြုံရေးတင်းကြပ်ထားသည်ဟု သိရသည်။
မဘသများက နာရေးဦးဆောင်ချပေးရန်စီစဉ်နေသည့်သတင်းများကြောင့် ဖြူးမြို့ဗလီတွင် ဘုရားရှိခြင်းကို ပိတ်ထားပြီး ဆိုင်များလည်းပိတ်ထားကာ အစ္စလာမ်ဘာသာဝင်တချို့ကလည်း ကြိုတင်ရှောင်ရှားမှုများ ရှိနေသည်ဟု ဒေသခံများထံကသိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3595
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8050