မီးမမှန်တဲ့နိုင်ငံမှာ လျှပ်စစ်ကားသုံးစွဲရေး စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်လာ
*********************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၄။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓာတ်ဆီကားများ တင်သွင်းခွင့်ပိတ်ပင်ခံထားရသောနိုင်ငံတွင် လျှပ်စစ်ကားများကို အခွန်ကင်းလွတ်ခွင့်ဖြင့် စစ်ကောင်စီက တင်သွင်းခွင့်ပြုထားသဖြင့် ၁ နှစ်အတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ကား အစီးရေ ၆ ဆကျော်တိုးလာခဲ့သည်။
မြန်မာနိုင်ငံ၏ အချက်အချာအကျဆုံးနှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်လည်း လျှပ်စစ်ကားအရောင်းပြခန်းများ တိုးလာနေပါသည်။
အချို့သောအရောင်းပြခန်းများတွင် တရုတ်ထုတ် BYD အမျိုးအစားအမှတ်တံဆိပ်များ ရောင်းချပေးနေသော်လည်း “လျှပ်စစ်ကားအရောင်းပြခန်း”ဟု တံဆိပ်ကပ်ထားသည့် အချို့အရောင်းပြခန်းများမှာတော့ လျှပ်စစစ်ကားများ ရှိမနေသေးပါ။
ရောင်းစရာလျှပ်စစ်ကားများမရှိသေးသော်လည်း လျှပ်စစ်ကားများတင်သွင်းသည့်အခါ အရောင်းပြခန်းလည်းရှိရမည်ဟု စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့သဖြင့် ယခုလို လျှပ်စစ်ကားဟောင်းလောင်းနှင့် လျှပ်စစ်ကားအရောင်းခန်းမများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
လက်ရှိအချိန်မှာတော့ ကုမ္ပဏီ ၈၅ ခုခန့်က လျှပ်စစ်ကားနှင့်ပတ်သက်သည့် လိုင်စင်များကိုင်ဆောင်ထားကြပြီးဖြစ်သည်ဟု EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စစ်ကောင်စီ၏ ဦးဆောင်ကော်မတီထံက သိရသည်။ အမှတ်တံဆိပ်မပါရှိသေးသော လျှပ်စစ်ကားအရောင်းပြခန်းများသည် လျှပ်စစ်ကားလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြသောကုမ္ပဏီများကို ကိုယ်စားပြုပါသည်။
မြန်မာစစ်အာဏာရှင်များသည် ဈေးနှုန်းမြင့်မားသော ဓာတ်ဆီတင်သွင်းမှုများကို ကန့်သတ်ရန်ကြိုးပမ်းသည့်အနေဖြင့် လျှပ်စစ်ကားဈေးကွက်ချဲ့ထွင်နိုင်ဖို့ ရည်မှန်းထားကြသည်။
နိုင်ငံခြားအရံငွေလျော့နည်းလာပြီဖြစ်သောစစ်ကောင်စီသည် ဓာတ်ဆီကားတင်သွင်းမှုကို ၂၀၂၀ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။
လျှပ်စစ်ကားများအတွက် သွင်းကုန်ခွန်များကို ယမန်နှစ်ဇန်နဝါရီတွင် စစ်ကောင်စီကဖျက်သိမ်းပေးခဲ့ပြီး လာမည့်မတ်လအထိ သွင်းကုန်ခွန်များ ကင်းလွတ်ခွင့်ပြုထားသည်။
ဇန်နဝါရီလ ၃၁ ရက်အထိ လျှပ်စစ်ကားအစီးရေ ၂,၂၀၀ ကျော် မှတ်ပုံတင်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံက သိရသည်။ မှတ်ပုံတင်ထားသည့် လျှပ်စစ်ကားအရေအတွက်သည် အစောပိုင်းနှစ်များ ထက် ၆ ဒဿမ ၅ ဆ ခုန်တက်သွားခဲ့သည်။
ဇန်နဝါရီလ ၁ လတည်းမှာပင် လျှပ်စစ်ကားအစီးရေ (အကြမ်းဖျင်းအားဖြင့်) ၁,၉၀၀ နီးပါးမှတ်ပုံတင်ခဲ့ကြသည်။
ရန်ကုန်မြို့နှင့် ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်ကျော်)ဝေးသော မြို့ ၁ မြို့တွင်အလုပ်လုပ်နေသည့် အမျိုးသား ၁ ဦး သည် တရုတ်ကုမ္ပဏီ Hozon New Energy Automobile နှင့် ဖက်စပ်လုပ်ကိုင်နေသော Neta ကထုတ်လုပ်သည့် လျှပ်စစ်ကားမောင်းနှင်နေသည်ကို တွေ့ခဲ့ရသည်။
“ဒီကားက ဓာတ်ဆီသက်သာပြီး စီးရတာလည်းအဆင်ပြေတယ်”ဟု အဆိုပါအမျိုးသားက ပြောသည်။
မြန်မာနိုင်ငံတွင် လောင်စာဆီတင်သွင်းမှုနှင့် ဖြန့်ဖြူးရေးပြတ်တောက်မှု၊ နိုင်ငံခြားငွေပြတ်လပ်မှုများကြောင့် ဓာတ်ဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့သည်။
Neta ကထုတ်လုပ်ထားသောလျှပ်စစ်ကားဖြင့် ကီလိုမီတာ ၁၀၀ မောင်းနှင်မည်ဆိုလျှင် မီနီဗန်ကားမောင်းနှင်သည့်ကုန်ကျစရိတ်ထက် ၈၀ ရာခိုင်နှုန်းသက်သာသော်လည်း Neta V ၁ စီးကို မြန်မာကျပ်ငွေ ၇၇ သန်း (အမေရိ ကန်ဒေါ်လာ ၃၆,၇၀၀)ရှိပြီး Neta U Pro ကတော့ ၎င်းထက် ၅၀ ရာခိုင်နှုန်းပိုမိုဈေးကြီးပါသည်။
ယမန်နှစ်လျှပ်စစ်ကားဈေးကွက်အတွင်း Neta က အပြည့်အဝဝင်ရောက်လာချိန်ကစပြီး Neta သည် အဆိုပါ အမှတ်တံဆပ် ၂ ခုလုံးကို ၂၀၀ နီးပါး ရောင်းချထားနိုင်ခဲ့သည်။
ရှန်ဟိုင်းအခြေစိုက် SAIC Motor နှင့်ဖက်စပ် MG သည်လည်း ကုန်တိုက်ကြီးများနှင့် အခြားနေရာများတွင် ၎င်းတို့၏အမှတ်တံဆိပ်ကိုတည်ဆောက်ရန် လျှပ်စစ်ကားများပြသထားကြသည်။
ဥရောပ – အမေရိကန် Auto Group Stellantis က ကျောထောက်နောက်ခံပြုထားသော တရုတ်လျှပ်စစ်ကား ထုတ်လုပ်သည့် Leapmotor သည်လည်း အဆိုပါနည်းလမ်းအတိုင်း ဆောင်ရွက်နေပါသည်။
MG နှင့် Leapmotor ကားများကိုဖြန့်ဖြူးပေးနေသည့် NPK Motors ၏အဆိုအရ MG သည် အကြမ်းဖျင်းအားဖြင့် ကားအစီးရေ ၃၀၀ ဝန်းကျင်ရောင်းချထားပြီး အော်ဒါ ၁၀၀ ဝန်းကျင်လက်ခံရရှိထားသည်ဟု သိရသည်။ Toyota Motor ၏ bZ4X ကိုလည်း ရန်ကုန်မြို့တွင် တွေ့ရနိုင်ပါသည်။
စေ့စ့ငုငုလေ့လာကြည့်လျှင်မူ အဆိုပါကားများအား တရုတ်နိုင်ငံရှိ ဖက်စပ်လုပ်ငန်းတစ်ခုက ထုတ်လုပ်ခဲ့သည်ကို တွေ့ရပေလိမ့်မည်။ တိုယိုတာကိုယ်တိုင်ကတော့ မြန်မာနိုင်ငံသို့တင်သွင်းမှုတွင် ပါဝင်နေခြင်းမရှိပါ။
မြန်မာနိုင်ငံ၏ လျှပ်စစ်ကားဈေးကွက်သည် ရုတ်တရက်ခုန်တက်လာပြီး တရုတ်ကုန်အမှတ်တံဆိပ်များက လွှမ်းမိုးချုပ်ကိုင်လာခဲ့ပါသည်။
မြန်မာနှင့် တရုတ်ကြား နှစ်နိုင်ငံရေးဆက်ဆံရေးက ကောင်းမွန်နေသေးသောကြောင့် တရုတ်တွင်ပိုလျှံနေသော လျှပ်စစ်ကားများ မြန်မာနိုင်ငံသို့ ဦးတည်လာပုံပေါ်သည်။
မြန်မာ့လူဦးရေနှိုင်းယှဉ်လျှင်တော့ လျှပ်စစ်မော်တော်ကားသုံးစွဲနိုင်သူဦးရေက များစွာနည်းပါးနေသဖြင့် ဈေးကွက်လစ်ဟာမှုက ကြီးမားနေဆဲသာဖြစ်သည်။
လျှပ်စစ်မီးများ မကြာခဏပြတ်တောက်လေ့ရှိသည့်နိုင်ငံက ယာဉ်မောင်းများအတွက်လည်း လျှပ်စစ်ကားသုံးစွဲရမည်ဆိုပါက စိတ်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ များပြားနေမည်သာဖြစ်သည်။
Ref: Nikkei Asia
ဓာတ်ပုံ – Nikkei Asia
ပုံစာ – Leapmotor လျှပ်စစ်ကားအရောင်းခန်းမကိုလာရောက်လည်ပတ်ကြသူများ။