ကျွန်းစုမြို့နယ်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့
**************************************
သဇင်
ဖေဖော်ဝါရီ ၁၉၊၂၀၂၄။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ယခု ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွါးခဲ့သည် ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ဖေဖော်ဝါရီ ၇ ရက်ကစ၍ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကြီးစိုးထားသော မင်းဂုတ်ကျေးရွာကို တနင်္သာရီတိုင်း ကာကွယ်ရေးပူးပေါင်းအဖွဲ့များက စတင်ထိုးစစ်ဆင်ရာကနေ နှစ်ဖက်စစ်ရေးတင်းမာခဲ့သည်။
မင်းဂုတ်ရွာသည် ပျူစောထီးကြီးစိုးသည့် ရွာဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း ဗုံးကြဲ၊ မီးရှို့မှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်အား ကူညီနေသူများသွားလာနေသည့် နေရာဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း၂၊ ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
၎င်းက “တနင်္သာရီတိုင်းအတွင်းမှာ ဗုံးကြဲ၊ မီးရှို့နေတဲ့ စစ်တပ်အကူတွေ အဲ့ဒီရွာထဲက ထွက်ခွာသွားတဲ့အချိန်မှာ ပျူစောထီးတွေသီးသန့်ကျန်နေချိန် ဒီဘက်ကနေ စစ်ကြောင်းစထိုးတယ်။ အဲဒီကနေ တိုက်ပွဲတွေ စဖြစ်တာပါ။ မင်းဂုတ်ဆိုတဲ့ ပျူစောထီးတွေ ကြီးစိုးနေတဲ့နေရာမှာတော့ ဒေသခံတွေမရှိတော့ဘူး။ ရွာကပျက်သွားပြီ ။ ကျွန်တော်တို့အဖွဲ့တွေလည်း အဲဒီရွာမှာ အခိုင်အမာတပ်စွဲဖို့ ပြင်နေပေမယ့် ဟိုဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်တော့ မထိန်းထားနိုင်ဘဲ တပ်ပြန်ဆုတ်ထားရတယ် ” ဟုဆိုသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်များဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သသည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ဆိုသည်။
“ကျွန်တော်တို့အဖွဲ့တွေ ထိုးစစ်ဆင်တဲ့အချိန်မှာ ဒရုန်းတွေနဲ့လည်းပစ်တယ်။ စစ်သင်္ဘောကနေလည်း ပစ်ကူ တယ်။ အဝေးကနေလည်း လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ဒီ ၂ ပတ်အတွင်းကို လက်နက်ကြီး အလုံး ၁၀၀ ကျော် လောက် လှမ်းထုတာ။ သူတို့ဘက်က ထိခိုက်တဲ့သူတွေကိုတော့ ရေလမ်းကြောင်းကနေ မြိတ်ပြည်သူ့ဆေးရုံကြီး ကို သယ်ဆောင်သွားတယ်။ ခုလက်ရှိမှာတော့ နှစ်ဖက်စလုံးက တပ်ပြန်ဆုတ်ထားတော့ တိုက်ပွဲငြိမ်နေသေး တယ်” ဟု ဆိုသည်။
ယင်းတိုက်ပွဲများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂၊ တနင်္သာရီကကွယ်ရေး ပြောက်ကျားတပ်၊ Dragon Squad ဒရုန်းတပ်ဖွဲ့တို့က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ကျွန်းစု(ပကဖ)အဖွဲ့ကလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလဒုတိယအပတ်ကစတင်ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲအတွင်း မင်းဂုတ်ကျေးရွာအပါအဝင် အနီး အနားရှိ ရတောင် နှင့် မှောင်းလှော်ရွာရှိ အိမ်ထောင်စုပေါင်း ၂,၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပြီး ယခုအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဟု ဒေသခံများထံက သိရသည်။
ယခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအစောပိုင်းကတည်းက တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ ကျွန်းစု၊ မြိတ်၊ တနင်္သာရီမြို့ နယ်တို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးတင်းမာလျက်ရှိသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – တနင်္သာရီ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3413
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7780