ဗီဇာရရန် ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် လူပေါင်း ၁,၀၀၀ ကျော် တန်းစီစောင့်ဆိုင်း
*************************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄။
တစ်နိုင်ငံလုံး စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီကပြဋ္ဌာန်းပြီးနောက် ပြည်သူများ မြန်မာနိုင်ငံကို စွန့်ခွာရန် ကြိုးပမ်းလာကြပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့၌ လူပေါင်း ၁,၀၀၀ ကျော် တန်းစီ စောင့်ဆိုင်းနေခဲ့ကြသည်။
အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားများနှင့် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြားအမျိုးသမီးများ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းဆောင်ရမည့်ဥပဒေတစ်ရပ်ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည်။
မြန်မာစစ်အာဏာရှင်များသည် ရွေးကောက်ခံအရပ်သားအစိုးရထံက အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် ၎င်းတို့အာဏာသိမ်းယူမှုကို မကျေနပ်သော တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေးများကို ရင်ဆိုင်နေခဲ့ရပြီး မကြာသေးမီကလည်း တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့များအား ခွက်ခွက်လန် ရှုံးနိမ့်ခဲ့သည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေ”စတင်အသက်ဝင်မည်ဟုကြေညာပြီးချိန်ကစပြီး ရန်ကုန်ရှိ ထိုင်းနိုင်ငံသံရုံးရှေ့တွင် မြန်မာနိုင်ငံက ထွက်ခွာရန် ဗီဇာလျှောက်ထားသူလူငယ်များ ပိုမိုများပြားလာခဲ့သည်။
အဆိုပါကြေညာချက်မထုတ်ပြန်ခင်ကမူ ရန်ကုန်ရှိထိုင်းနိုင်ငံသံရုံးတွင် ဗီဇာလျှောက်ထားသူ ၁၀၀ မျှပင်မရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ ရန်ကုန်မြို့လယ် သံရုံးအနီးရှိ လမ်းများပေါ်တွင် လူ ၁,၀၀၀ ကနေ ၂,၀၀၀ ကြား တန်းစီစောင့်ဆိုင်းနေကြသည်ကို AFP သတင်းဌာန၏ သတင်းထောက်တစ်ယောက်က မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ သည်။
သံရုံးအနေဖြင့် ၁ ရက်လျှင် လက်မှတ် ၄၀၀ ထုတ်ပေးနေသည်ဟု သံရုံးက ပြောသည်။
အသက် ၂၀ အရွယ်ရှိကျောင်းသားဖြစ်သူ အောင်ဖြိုးကလည်း ဖေဖော်ဝါရီ ၁၅ ရက် ၊ ည ၈ နာရီကတည်းက ၎င်း၏ကားဖြင့် ညအိပ်စောင့်ခဲ့ရသည်ဟု AFP ကိုပြောသည်။
“ကျွန်တော်တို့ ၃ နာရီလောက်ကြာအောင်စောင့်ခဲ့ရပြီး မနက် ၃ နာရီ လုံခြုံရေးတွေဂိတ်ဖွင့်ချိန်မှာ တုံကင်ယူဖို့ သံ ရုံးရှေ့ကို ပြေးခဲ့ရတယ်” ဟု ပြောသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို ၂၀၁၀ ခုနှစ်တွင် ရေးသားခဲ့သော်လည်း မည်သည့်အခါတွင်မျှ ကျင့်သုံးခဲ့ခြင်းမရှိခဲ့ဘဲ ယခုအချိန်မှာလည်း မည်ကဲ့သို့ကျင့်သုံးမည်နည်းဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။
ဆင့်ခေါ်ခံရမည့်သူများအား မည်ကဲ့သို့သော တာဝန်မျိုးပေးအပ်မည်ဖြစ်ကြောင်းကိုလည်း အသေးစိတ်အချက်အလက်များ ထုတ်ပြန်ထားသည်မျိုး မရှိသေးပါ။
မြန်မာနိုင်ငံရှိလူငယ်အများစုကတော့ စစ်ကောင်စီထုတ်ပြန်လိုက်သည့် ဥပဒေ၏အဖြေကို စောင့်စားနေသည်ထက် နောက်ထပ်နည်းလမ်းတစ်ခုရှာဖွေရန်ကိုသာ ပိုမိုစိတ်အားထက်သန်နေကြပါသည်။
“ခရီးသွားဗီဇာနဲ့ ဘန်ကောက်မှာခဏလောက်ဖြစ်ဖြစ်နေထိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု အောင်ဖြိုးက ပြောသည်။
“အလုပ်ပဲလုပ်ရမလား။ ကျောင်းပဲ ဆက်တက်ရမလားဆိုတာကိုလည်း ကျွန်တော် မဆုံးဖြတ်ရသေးဘူး။ လော လောဆယ်တော့ ဒီနိုင်ငံထဲကနေ ချက်ချင်းလွတ်မြောက်သွားနိုင်ဖို့ပဲ လိုတယ်”
ဗီဇာရရှိရန် လာရောက်လျှောက်ထားကြသူများက ထိုင်းသံရုံးအနီးရှိ ဟိုတယ်များတွင် ကြိုတင်စာရင်းပေးထားကြသဖြင့် ဟိုတယ်ခန်းများအားလုံးပြည့်နေပြီဖြစ်ကြောင်း အသက် ၂၂ နှစ်အရွယ်ရှိ ကောင်းကောင်း က ပြောသည်။ သူသည် မနက် ၂ နာရီကတည်းက စတင်တန်းစီခဲ့သူလည်းဖြစ်သည်။
“လုံခြုံရေးဂိတ်ဖွင့်တော့ မာရသွန်ပြေးသလိုပဲ ပြေးရတယ်။ ဒီနိုင်ငံကနေ တတ်နိုင်သမျှ မြန်မြန်ပြေးဖို့ပဲ စဥ်းစား ထားပါတယ်”ဟု AFP ကို ကောင်းကောင်းကပြောသည်။
Ref: The Straits Times
ဓာတ်ပုံ – AFP
ပုံစာ – ပြည်ဝင်ခွင့်ဗီဇာရရန် ရန်ကုန်ရှိထိုင်းနိုင်ငံသံရုံးရှေ့ တန်းစီနေကြသူများ။