KNU တပ်မဟာ ၅ နယ်မြေ လဝက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦးသေဆုံး
***************************
သံလွင်ခက်
ဖေဖော်ဝါရီ ၁၇ ၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖေါ်ဝါရီ ၁ ရက်က ၁၅ ရက်အထိ လဝက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ-မူတြော် သတင်းစဉ်က ဖေဖော်ဝါရီ ၁၆ ရက်၌ ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂ ပတ်တာကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ တပ်မဟာ – ၅ ပူး ပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ တပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့ကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNLA – တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က ၇ ဦးထိခိုက်ခဲ့ကာ ကျဆုံးသူမရှိခဲ့ဟု ကေအဲန်ယူ-မူတြော် သတင်းစဉ်က ထုတ်ပြန်ထားသည်။
ယခုလ ဒုတိယပတ်အတွင်း တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းကို လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကိုလည်း KNLA – တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်ဖွဲ့များက အချိန်ကြာမြင့်စွာ နေ့စဉ်ဝိုင်းဝန်း တိုက်ခိုက်ပိတ်ဆို့မှုများလုပ်ဆောင်ခဲ့သည်။
ထိုသို့လုပ်ဆောင်မှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တပ်မဟာ ၅ နယ်မြေ၊ လယ်ကလေးကျိုးရှိ စစ်ကောင်စီတပ် ခမရ – ၃၄၉ က တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ တပ်စခန်းကိုစွန့်ခွာကာ ကျူလူ၌တပ်စွဲထားသော တပ်ဖွဲ့များနှင့် ပြန်လည်ပူးပေါင်းခဲ့ကြသည်။
ထို့နောက် ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျူလူစခန်းအား ထပ်မံစွန့်ခွာကာ အတွင်းပိုင်းကျသည့် မော်ဖူးဗျူဟာစခန်းသို့ ပြန်လည်ပူးပေါင်းခဲ့ကြသည်။
လက်ရှိတွင် အဆိုပါမော်ဖူးစခန်းကိုလည်း KNLA – တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့လျက်ရှိသည်ဟု ကေအဲန်ယူ-မူတြော်သတင်းစဉ်က ဖေဖော်ဝါရီ ၁၄ ရက်၌ထုတ်ပြန်ထားသည်။
၂ ပတ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများနေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၄ ကြိမ်ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ-မူတြော် သတင်းစဉ်၏ ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – ကေအဲန်ယူ-မူတြော် သတင်းစဉ်