PRCF ကရေးဆွဲသည့် အခြေခံဥပဒေမူကြမ်းသည် ၈ ပြည်နယ်မူမဟုတ်ဘဲ ထပ်တိုးပြည်နယ်များလည်းရှိလာနိုင်
*******************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။
ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ – PRCF က ရေးဆွဲသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနောက်ဆုံးမူကြမ်းတွင် ပါဝင်သည့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များတွင် ထပ်တိုးပြည်နယ်များလည်း ရှိလာနိုင်သည်ဟု PRCF ထံက သိရသည်။
PRCF ကရေးဆွဲသည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၇ နှစ်ပြည့်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေမူကြမ်းရှိ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ ချင်းပြည်နယ်၊ ဗမာပြည်နယ်၊ မွန်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည့် ပြည်နယ် ၈ခုအပြင် နေရာချန်လှပ်ထားသည့် ပြည်နယ်လည်းပါဝင်သည်။
အခြေခံဥပဒေမူကြမ်းသည် ၈ ပြည်နယ်မူမဟုတ်ဘဲ နေ ရာကွက်လပ်ချန်ထားခြင်းသည် နောက်ထပ်ပြည်နယ်များထပ်တိုးလာနိုင်သည့်သဘောဖြစ်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – ALD ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က သံလွင်ခက် ကို ပြောသည်။
၎င်းက “၈ အပေါင်း (+)ပါ။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံမှာ လူမျိူးကြီး ၈ မျိုးရှိတယ်ပေါ့နော်။ ဒါပေမယ့် ပြည်နယ်ဖြစ်နိုင်ချေရှိတဲ့ ထပ်တိုးပြည်နယ်တွေလည်းရှိပါတယ်။ ပြည်နယ်ရသင့်ရထိုက်တဲ့ ပြည်နယ်သတ်မှတ်ချက်တွေနဲ့ပြည့်စုံရင်တော့ ပြည်နယ်တွေထပ်ပြီးတိုးလာနိုင်ပါတယ်။ ၈ ဆိုတဲ့ဟာမျိုးအတိအကျတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ဖော်ပြထားတာမှာတော့ အဓိအားဖြင့် ဗမာကလည်း တိုင်းရင်းသားလူမျိူး ၁ မျိုးဖြစ်တယ်။ သူတို့လည်း လက်ခံပါတယ်။ လူမျိူး ၁ မျိုးဖြစ်ရင် ပြည်နယ် ၁ ခုယူရမယ်ပေါ့ဗျာ” ဟုဆိုသည်။
ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း သည် တစ်နိုင်ငံလုံးကအဖွဲ့အစည်းများအားလုံး ပါဝင်သ ဘောတူခဲ့ခြင်းမဟုတ်သည့်အတွက် အတည်မပြုခင်ဆွေးနွေးငြင်းခုံစရာများ ရှိလာနိုင်သေးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံး သပ်သည်။
“မူအားဖြင့် လက်ခံစဉ်းစားကြတဲ့အချိန်အတွင်းမှာ ပြဿနာရှိနေတာက နဂို ၁ ဖွဲ့နဲ့ ၁ ဖွဲ့ကြားမှာ ရှိခဲ့ဖူးတဲ့ သမိုင်းအစဉ်အလာ၊ ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေ ဒါတွေပေါ်မှာ ပြန်ပြီးထစ်သွား (တန့်သွား)ကြတာများတယ်။ အခုဒီမှာ ပါဝင်ခဲ့တဲ့အဖွဲ့တွေထဲမှာ ၁ နိုင်ငံလုံးမှာရှိတဲ့အဖွဲ့အစည်းတွေအကုန်လုံးပါဝင်ဆွေးနွေးပြီးတော့ သဘော တူ ပြဋ္ဌာန်းခဲ့တဲ့ဟာတော့မဟုတ်သေးဘူး။ ဘယ်အချက်က အကန့်အသတ်ဖြစ်သွားမလဲဆိုတာလေ့လာပြီး ပြန်ညှိနှိုင်းဖို့တော့ လိုကောင်းလိုနိုင်သေးတယ်လို့ ယူဆတယ်” ဟု ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို တသမတ်တည်း သတ်မှတ်မထားဘဲ အခြေအနေပေါ်မူတည်၍ ပြုပြင်သွားမည်ဟု ဦးမျိုးကျော် က ဆက်ပြောသည်။
“ဖွဲ့စည်းပုံ ၁ ခုဆိုတာကတော့ တစ်နိုင်ငံလုံးကို ကိုယ်စားပြုဖို့လိုတယ်လေ။ တသမတ်တည်းလည်း သတ်မှတ်ထားလို့ရမှာမဟုတ်ဘူး။ ခေတ်ကာလအခြေအနေနဲ့ ဖြစ်ပေါ်လာတဲ့ အနေအထားပေါ်မူတည်ပြီးတော့ ပြုပြင်သွားရမှာပါ။ အဲ့လိုမျိုး ယုံကြည်ပါတယ်” ဟုပြောသည်။
PRCF ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် – SNLD၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် – ALD၊ ကရင်အမျိုး သားပါတီ – KNP၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် – ZCD၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ – UNDP၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ – DNDP၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ – MNDP၊ ကယန်းအမျိုးသားပါတီ-KNP၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ – SSKDP၊ မွန်ရေးရာအ ဖွဲ့ – MAA စသည့်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။
ဖက်ဒရယ်စနစ်ကသာလျှင် ပြည်ထောင်စု၏ အရင်းခံပဋိပက္ခများအားဖြေရှင်းနိုင်မည်ဟု ယုံကြည်ကာ ဖွဲ့စည်း ပုံအခြေခံဥပဒေစနစ်ကို လက်ခံကျင့်သုံးခြင်းဖြစ်ပြီး ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံညီလာခံတွင် ချမှတ်အတည်ပြုခဲ့သော ပြည်ထောင်စုစစ်စစ်မူကို အခြေခံသည်ဟု PRCF ကဆိုသည်။
ရှမ်းပြည်နယ်က တင်သွင်းသည့် ပြည်ထောင်စု မြန်မာ နိုင်ငံ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးစာ တမ်းကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလက တောင်ကြီးမြို့ နယ်တွင်ကျင်းပသည့် ရှမ်းပြည်လုံးကျွတ်ညီလာခံ၌ အတည်ပြုခဲ့သည်။
အဆိုပါစာတမ်း၏ တရားဝင်အမည်သည် “ဖက်ဒရယ်မူ” ဖြစ်သော်လည်း ရှမ်းပြည်နယ်က ဦးဆောင်တင်သွင်းသည့်အတွက် “ရှမ်းမူ” ဟု အလွယ်ခေါ်ဆိုခဲ့ကြကာ မြန်မာ့နိုင်ငံရေးသမိုင်းတွင် “ဖက်ဒရယ်မူ” ဟု လူသိများထင်ရှားခဲ့သည်။
Photo – GSCN
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3367
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7714