စစ်ကောင်စီအား တိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ကြေညာ
*********************
သဇင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄။
စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလက်တွဲကာ စစ်ကောင်စီအား တိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ဖွဲ့စည်းထားသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် အပစ်အခတ်ရပ်စဲရေး NCA စာချုပ်သဘောတူညီချက်များအရ နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန်အတွက် အာဏာသိမ်းစစ်ကောင်စီနှင့် ၃ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မွန်ပြည်သစ်ပါတီလိုလားသည့် ဖက်ဒရယ်အခြေခံမူများဖြစ်သော ပါတီမျှော်မှန်းချက်များ ရရှိခြင်းမရှိခဲ့ဟု ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ပြည်သူလူထူအပေါ် လက်နက်အားကိုးဖြင့် ဖိနှိပ်မှုများ နေ့စဉ်လုပ်ဆောင်နေပြီး မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ ၊ ကျိုက်မရော ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင်လည်း သတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ၊ နေအိမ်မီးရှို့မှုများ ပိုမိုလုပ်ဆောင်လာသဖြင့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန်မဖြစ်နိုင်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အခြေအနေများကြောင့် စစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်နှင့် တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တနေသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ယုံကြည်ချက်ကို ၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံတွင် ဆွေးနွေးခဲ့သော်လည်း လတ်တလော အခြေအနေတွင် ၂၀၁၂ ခုနှစ်၊ နှစ်ဖက်သဘောတူအပစ်ရပ်စာချုပ် – Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီး စစ်ကောင်စီနှင့် ဆက်ဆံသွားဖို့ ဆုံးဖြတ်ခဲ့သည့်အပေါ် လုံးဝ လက်ခံနိုင်ခြင်းမရှိဟု ဆိုသည်။
ယင်းကြောင့် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ ၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်၊ တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များက အာဏာသိမ်းစစ်တပ်ကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလက်တွဲတိုက်ခိုက်သွားမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – NMSP
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3366
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7710