လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို MNDAA ဝင်ရောက်တပ်စွဲမှုကြောင့် ပြည်သူများစိုးရိမ်နေ
************************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၃၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု သိရသည်။
လားရှိုးမြို့နယ်နှင့် ၉ မိုင်အကွာ အီနိုင်းကျေးရွာတွင် ယမန်နေ့မှစ၍ MNDAA တပ်ဖွဲ့ဝင်များတပ်စွဲထားသလို ၈ မိုင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူစောင့် ကြပ်နေသည်ဟု လားရှိုးမြို့ရှိ အမျိုးသားဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“အီနိုင်းတံတားကဖျက်ခံထားရတာဆိုတော့ အီနိုင်းရွာဘက်ခြမ်းမှာက MNDAA၊ တံတားဒီဘက်မှာကျ တပ်မ ၅၅ က လာစောင့်ကြည့်နေတယ်။ အီနိုင်းဈေး ၁ ခုလုံး MNDAA တွေအပြည့်ပဲ။ ၁၅၀ ဝန်းကျင်လောက်ရှိမယ်” ဟု ဆိုသည်။
လားရှိုးမြို့နေပြည်သူလူထုအနေဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများပြင်းထန်လာမည်ကို စိုးရိမ်နေကြသည်ဟု ၎င်းကဆက်ပြောသည်။
“လူထုအနေနဲ့က စိုးရိမ်တယ်။ တံတားလည်း မိုင်းကွဲပြီးသွားပြီ။ သဘောတူညီမှုကလည်း ရှိနေတဲ့အနေအထားမျိုးမှာ MNDAA က အီနိုင်းအပါအဝင် လားရှိုးမြို့အနီးတဝိုက်ကျေးရွာတွေမှာပါရှိနေတာက ဘာကြောင့်လဲလို့တွေးပြီး စိုးရိမ်ကြတယ်”
သံလွင်ကျေးရွာ၊ နားရှိုကျေးရွာ၊ ကောင်းကန်ကျေးရွာနှင့် နောင်နွေကျေးရွာအပါအဝင် လားရှိုးမြို့အနီးတဝိုက်ရှိကျေးရွာများက ဒေသခံပြည်သူများလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်ဟု နောက်ထပ်ဒေသခံ ၁ ဦးက ပြောသည်။
“ စီမံကိန်းကျေးရွာဖြစ်တဲ့ နားရှိုရွာက အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုတွေ နီးစပ်ရာရှောင်နေကြရတယ်။ သံလွင်နားမှာ MNDAA တွေရှိနေကြလို့ တိုက်ပွဲဖြစ်မှာစိုးလို့ ရှောင်ကြတာပါတဲ့။ ရွာမှာတော့ အိမ်စောင့်အမျိုးသားတွေပဲကျန်ခဲ့တယ်” ဟုဆိုသည်။
အီနိုင်းတံတားပျက်စီးပြီးနောက် ပြည်သူများက ကိုယ်ထူ ကိုယ်ထဖောက်လုပ်ထားသည့် လူသွားလမ်းတွင်လည်း ယနေ့နံနက်က မိုင်းပေါက်ကွဲခဲ့သဖြင့် ပြည်သူ ၂ ဦး ထိ ခိုက်ဒဏ်ရာပြင်းထန်ခဲ့သည်ဟု သိရသည်။
လားရှိုးမြို့၊ ရပ်ကွက် ၃၊ သီရိလမ်းနှင့် ကြာနီလမ်း ထောင့်တွင်လည်း ယနေ့ညနေပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဗီဒီယိုင်ဖိုင်၊ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။
Photo-The Kokang
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3196
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7404