ကျောက်တော်အခြေစိုက်စစ်ကောင်စီတပ်ရင်းကို ရက္ခိုင့်တပ်တော်ထပ်မံသိမ်းပိုက်
***********************
သဇင်
ဇန်နဝါရီ ၃၁ ၊၂၀၂၄။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့ကြီးများရှိ စစ်ကောင်စီ အခြေစိုက်တပ် ရင်း၊ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးရန် ရက္ခိုင့်တပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ ကျောက်တော်အခြေစိုက် ခမရ – ၃၇၄ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင် ၃ ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ လေကြောင်းက ၁ ရက်လုံးနီးပါး မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားက စကခ – ၉ လက် အောက်ခံ ကျောက်တော်အခြေစိုက် ခမရ – ၃၇၄ တပ်ရင်းတစ်ရင်းလုံးအား ရက္ခိုင့်တပ်တော် – AA က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် အဓိ ဌာနချုပ်တစ်ခုဖြစ်သည့် ကျောက်တော်မြို့ရှိ အမှတ် ၉ – စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လည်း ရက္ခိုင့်တပ်တော် – AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စကခ – ၉ ကို သိမ်းပိုက်ရရှိရန် စစ်ရေး အသာရနေသည်ဟု ဒေသအခြေစိုက်သတင်းမီဒီယာများက ဖော်ပြရေးသားနေကြသည်။
နောက်ထပ်ကျန်ရှိနေသေးသည့် ကျောက်တော်မြို့ရှိ ခမရ – ၃၇၅ နှင့် ၃၇၆ တို့ကိုလည်း ရက္ခိုင့်တပ်တော် က ဝင်ရောက်တိုက်ခိုက်နေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင်လည်း စစ်ကောင်စီ၏ ခမရ – ၃၈၀၊ ၃၇၉ နှင့် ၅၄၁ တပ်ရင်း ၃ ရင်းအနက် ခမရ ၃၈၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်က ဇန်နဝါရီ ၂၈ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းအပြင် မင်းပြားမြို့တွင်ကျန်ရှိနေသေးသည့် ခမရ – ၃၇၉ နှင့် ၅၄၁ တပ်ရင်းတို့ကိုလည်း ရက္ခိုင့်တပ်တော် ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်နေပြီး ခမရ – ၃၇၉ တပ်ရင်းက သိမ်းပိုက်ရရှိခဲ့သော လက်နက် အများအပြားကို ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်က သတင်းထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။
ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ဘူးသီးတောင်၊ မောင် တော နှင့် ရမ်းဗြဲမြို့များတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များတွင်ကျန်ရှိနေသေးသည့် တပ်ရင်းများကို အပြီးသတ်သိမ်းပိုက်နိုင်ရေး အတွက် ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး အားလုံးသောစခန်းများကိုလည်း မကြာမီတွင် အပြီးသတ်သိမ်းပိုက်ရယူရန် အပြည့်အဝယုံကြည်ထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရမ်းဗြဲမြို့တွင်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး တစ်မြို့လုံးပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဘက်က ရမ်းဗြဲမြို့တွင် စစ်အင်အား ၁၂၀ ကျော် ထပ်မံဖြည့်တင်းထားကာ ရက္ခိုင့်တပ်တော်နှင့် မြို့တွင်းတိုက်ပွဲစတင်ဖြစ်ပွားနေပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့အပြင် ယမန်နေ့တွင် လေကြောင်းက ချပေးသည့် လက်နက်ခဲယမ်းအချို့ကိုလည်း ရက္ခိုင့်တပ်တော် သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – AA Info Desk
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3199
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7409