ကော့ကရိတ်အထိုင်တပ် ၉၇ ကာကင်းကုန်းကို သိမ်းပိုက်ရရှိ
***************************
သံလွင်ခက်
ဇန်နဝါရီ ၂၉ ၊ ၂၀၂၄ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ အဓိက အထိုင်တပ် ခမရ ၉၇ တပ်ရင်း မကျစေရန် စစ်ကောင်စီက ကာကင်းပြုလုပ်ထားသည့် စခန်းကုန်းနေရာကို ပူးပေါင်းတပ်များက သိမ်းနိုင်ခဲ့သည်ဟု သိရသည် ။
ခြေမြန်တပ်ရင်း ခလရ ၉၇ ကာကင်းအဖြစ် အလက ၂ တောင်ပေါ်ရပ် ကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် အလက ၂ တောင်ပေါ်ရပ် လမ်းဆုံနေရာတွင်တပ်စွဲထားသည့် နေရာများကို ပူးပေါင်းတပ်များက ဇန်နဝါရီ ၂၇ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည် ။
အဆိုပါ စစ်ဆင်ရေးတွင် ဦးဆောင်ပါဝင်သည့် ကျားဖြူစစ်ကြောင်း တာဝန်ရှိသူ ဗိုလ်ပွဲတော်က ၉၇ ကာကင်းကုန်းနေရာတစ်လုံးကို နေရာယူထားလိုက်နိုင်ပြီဟု ပြောသည် ။
၎င်းက ” ၉၇ ကာကင်းကုန်းကို ကျွန်တော်တို့တက်သိမ်းရပြီ ။ ကျွန်တော်တို့အလောင်းတစ်လောင်းပဲရတယ်။ ဒါပေမယ့် လက်နက်တွေ သိမ်းဆည်းမရမိဘူး ။ အဲမှာက ကုန်းနည်းနည်းမြင့်တော့ ကျွန်တော်တို့တက်လို့ သိပ်အဆင်မပြေဘူး ။ ဖြည်းဖြည်းချင်း ချိန်ကိုက်တိုးပြီးတော့မှ ၉၇ ကာကင်းကုန်ကို ကျွန်တော်တို့ထိုင်ထားလိုက်တာ ” ဟု ပြောသည် ။
အဆိုပါ ဇန်နဝါရီလ ၂၇ ရက်တွင် ကော့ကရိတ်၊ ချောင်းတောင် မြို့မဘုရားကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ကျားဖြူစစ်ကြောင်းတပ်ခွဲ ၁ နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်ခိုက်ခဲ့သည် ။
ထိတွေ့တိုက်ပွဲ ၁ နာရီခန့်ကြာခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အကျဆုံးများကြောင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည် ။
ကော့ကရိတ်တွင် စစ်ကောင်စီတပ်က မြို့တွင်းသို့ ရိက္ခာပြန်ယူသည့် ဒေသခံများကို ဖမ်းဆီး၍ လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးသောကြောင့် ယခုလ ဇန်နဝါရီ ၂၂ ရက်မှ ၂၇ ရက်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီက လက်နက်ကြီး ၊ ဟောင်ဝှစ်ဇာများနှင့် အကြိမ်ရေများစွာပစ်ခတ်သည့်အပြင် တိုက်လေယာဥ်ဖြင့် နေရော၊ ညပါ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ယမန်နေ့၌လည်း စစ်ကောင်စီတပ်က ကား ၁၀ စီးဖြင့်အားဖြည့်လာပြီး လက်နက်ကြီးများဖြင့်တောက်လျောက်ပစ်ခတ်နေခဲ့သည်ဟု ဒေသခံများထံကသိရသည် ။
” သူတို့တက်လာတာ မရောက်သေးဘူး ။ အခုသူတို့တက်လာတာ ၆ တိုင်နဲ့ ၅ တိုင်ကြားမှာပဲရှိသေးတယ်နော် ။ အင်အား ၃၀၀ လောက်ရှိတယ်ပြောတယ်။ အတိကျတော့ မသိရသေးဘူး “ဟု ဗိုလ်ပွဲတော်က ယမန်နေ့ညပိုင်း၌ ပြောသည် ။
ကော့ကရိတ်မြို့နှင့် မြို့အနီးနေရာများ၌ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို KNLAနှင့်PDF ပူးပေါင်းစစ်ကြောင်းများက ပြီးခဲ့သည့်ဒီဇင်ဘာ ၁ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ထိ တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3178
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7340