ကျားဖြန့်လုပ်ကိုင်သူ ၄၀၀၀၀ ခန့်အပ်နှံထားသော်လည်း ခေါင်းဆောင်များကို စစ်ကောင်စီကာကွယ်ထားဆဲဖြစ်
**************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၂၉၊ ၂၀၂၄။
တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်သူ ခေါင်းဆောင်များကို စစ်ကောင်စီက အကာအကွယ်ပေးထားဆဲဖြစ်သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည် ။
၁၀၂၇ စစ်ဆင်ရေး၏ ရိုက်ခတ်မှုကြောင့် လောက်ကိုင်မြို့တွင်း၌ စစ်ကောင်စီနှင့် စစ်ကောင်စီလက်ဝယ်ခံများ ထိန်းချုပ်ထားသောနေရာများမှ ကျားဖြန့်လုပ်ကိုင်သူ ၃၆,၀၀၀ မှ ၄၀,၀၀၀ နီးပါး အရေအတွက်ကို စစ်ကောင်စီသည် တရုတ်နိုင်ငံမှ တာဝန်ရှိသူများထံသို့ စစ်ရေးနိုင်ငံရေးဖိအားများ အောက်တွင် မတတ်သာ၍ အပ်နှံခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီမှ အပ်နှံလိုက်သော အဆိုပါအရေအတွက်ထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလိုရှိနေသည့် ဝရမ်းထုတ်ထားသောသူအချို့၊ ကျားဖြန့် ကုမ္ပဏီပိုင်ရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်ခဲ့သော်လည်း ဖမ်းဝရမ်းထုတ်ထားသော ကျားဖြန့်ခေါင်းဆောင်ကြီးများမပါဝင်သေးပေ ။
ကျားဖြန့်လုပ်ကိုင်သူများကို စစ်ကောင်စီဘက်က ၄၀၀၀၀ ခန့်အပ်နှံထားပြီးဖြစ်သလို ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ဖမ်းဆီးရမိထားသော ကျားဖြန့်လုပ်ကိုင်သူ ၃၀၀၀ ဦးခန့်ကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ လုံခြုံစွာအပ်နှံထားခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည် ။
ကျားဖြန့်နှိမ်နင်းရေးအတွက် ပေါ်ပေါက်လာသည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မပြီးဆုံးသေးသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရင်း မြန်မာပြည်သူလူထုတစ်ရပ်လုံး ဆန္ဒများပြည့်ဝစေရန်အတွက် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးကို နေ့စဥ်မပြတ်ဖော်ဆောင်နေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထားသည် ။
ပုံစာ-တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ၂၀၂၃ ဒီဇင်ဘာ ၁၀ ရက်တွင်ဖမ်းဝရမ်းထုတ်ထားသည့် ပယ်ဆောက်ချိန်အပါအဝင် ၁၀ဦး။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3178
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7344