အင်အားရာဂဏန်းသာရှိသည့် PNLA ရက်ပိုင်းအတွင်း ဆီဆိုင်မြို့ကို သိမ်းပိုက်
***************************
သံလွင်ခက်
ဇန်နဝါရီ ၂၈ ၊ ၂၀၂၄ ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေ ဆီဆိုင်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်၊ PNA ပြည်သူ့စစ်များနှင့် ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားပြီးနောက် ဆီဆိုင်မြို့ကို PNLA က သိမ်းပိုက်ရရှိခဲ့သည်။
ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပအိုဝ်းစော်ဘွားများခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ပြီး စော်ဘွား ခွန်ကြည် နောက်ဆုံး အုပ်ချုပ်ခဲ့သော သထုံႏပေႏ (ဆီဆိုင်)မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA မှ နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ပအိုဝ်းအမျိုးသားအလံတော်ကိုလည်း စတင်လွင့်ထူနိုင်ခဲ့သည်ဟု PNLAက ယနေ့တွင် တရားဝင်သတင်းထုတ်ပြန်သည် ။
အဆိုပါ ထုတ်ပြန်ချက်နှင့်အတူ ဆီဆိုင်မြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ကောင်စီတပ်စခန်း သိမ်းတိုက်ပွဲများ၌ သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းအများအပြားကိုလည်း PNLA ကဖော်ပြထားသည် ။
PNLA ၏ယာဥ်တန်းကို စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တပ်ဖွဲ့များက တားဆီးရာ၌ ယခုလ ဇန်နဝါရီ ၂၁ ရက်တွင် ပအိုဝ်းဒေသ စံဖူးရွာ၌ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။
” ဟိုပုံးမြို့နယ် စံဖူးရွာ၌ ဖြစ်ပြီးနောက်တစ်ရက်ကလွဲလို့ ရက်ဆက်တိုက်ပွဲဖြစ်တယ် ။ ဖြစ်တဲ့နေရာတော့ ဆီဆိုင်မြို့နယ်ပါ “ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီ ၂၃ ရက်မှ ၂၆ ရက်ထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်မှုများဖြင့် ပစ်ကူများစွာ ပေးခဲ့သော်လည်း ဆီဆိုင်မြို့ကို PNLAက ရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည် ။
ဆီဆိုင်မြို့ကို လက်လွတ်ဆုံးရှုံးခဲ့ရသော စစ်ကောင်စီသည် ယမန်နေ့၂၇ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၎င်းတို့၏ လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်နှင့်ပေါင်း၍ သထုံႏပေႏ(ဆီဆိုင်)မြို့နှင့် ပအိုဝ်းကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများကို တနေကုန်ပြုလုပ်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းတို့ အထွဋ်အမြတ်ထားရာဖြစ်သည့် ကောင်ႏမူႏဗွာရွာဘုန်းတော်ကြီးကျောင်း၊ သထုံႏပေႏ(ဆီဆိုင်)မြို့လယ် အရိယာမဂ္ဂင်ဓမ္မာရုံ ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦးအချို့နှင့် ဒေသခံပြည်သူလူထု၏ နေအိမ် အများအပြားပျက်စီးခဲ့ရသည်ဟု PNLA က သတင်းထုတ်ပြန်သည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သည်အင်အား ရာဂဏန်းမျှသာရှိသော်လည်း ဆီဆိုင်မြို့ကို ရက်ပိုင်းအတွင် ပိုက်ပိုက်လိုက်နိုင်ခြင်းသည် KNDF ၊ PDF များအပြင် PNLAတွင် မဟာမိတ်အင်အား ကောင်းကောင်းရှိနေသည်ဟု စစ်ရေးအကဲခတ်များက သုံးထပ်ထားသည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3166
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7320