လေယာဥ်ဖြင့် တနေကုန် ပစ်ကူပေးနေသည့်ကြားမှ
စစ်ကောင်စီ တပ်ရင်းအား PNLA သိမ်းပိုက်
*****************************
သံလွင်ခက်
ဇန်နဝါရီ ၂၇ ၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း၌ လက်နက်ကြီး၊ လေယာဥ်တို့ဖြင့် တနေကုန်ပစ်ကူပေးနေသည့်ကြာင်းမှ စစ်ကောင်စီ၏ ခလရ ၄၂၄ တပ်ရင်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ယနေ့တွင် ထုတ်ပြန်သည် ။
ဆီဆိုင်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ ၄၂၄ တပ်ရင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်တွင် PNLA ကသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး လက်နက်၊ ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည် ။
ယမန်နေ့တိုက်ပွဲအတွင်း၌ စစ်ကောင်စီက ဆီဆိုင်မြို့နှင့် ကျေးရွာများကို တနေကုန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုတ်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။
” တိုက်ပွဲကာလတော့ မြို့ရွာလူနေအိမ်တွေကို လေယာဉ်နဲ့ အဆမတန် ဗုံးကြဲခြင်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းများ ပြုလုပ်သည့်အတွက်ကြောင့် ပြည်သူလုံခြုံမှုကို ထိခိုက်ခဲ့ရတယ် ” PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည် ။
ယမန်နေ့၌ နေဝင်းထွန်းဦးဆောင်သည့် စစ်ကောင်စီ လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ် နှင့် စစ်တပ်တို့ ပူးပေါင်းအင်အား ၁၅၀ ခန့်သည် ဆီဆိုင်မြို့နယ် လွယ်ထွဲရွာအနီး၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ကို လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ် အလောင်း ၁ လောင်းနှင့် လက်နက်၁ လက်ရရှိခဲ့သည်။
PNLA ၏ယာဥ်တန်းကို စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တပ်ဖွဲ့များက တားဆီးရာ၌ ယခုလ ဇန်နဝါရီ ၂၁ ရက်တွင် စံဖူးရွာ၌ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေသည်။
” ဟိုပုံးမြို့နယ် စံဖူးရွာ၌ ဖြစ်ပြီးနောက်တစ်ရက်ကလွဲလို့ ဒီနေ့ ဒီမနက်ပိုင်းထိတော့ ရက်ဆက်တိုက်ပွဲဖြစ်တယ် ။ ဖြစ်တဲ့နေရာတော့ ဆီဆိုင်မြို့နယ်ပါ “ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ဆီဆိုင်မြို့နယ်အတွင်း ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ယခင်စစ်ရှောင်အဟောင်းများအပါအဝင် ဒေသခံ ၅၀၀၀၀ ကျော်ထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု ၎င်းက ပြောသည်။
လက်နက်ကြီး၊ လေကြောင်းတို့မှ တိုက်ခိုက်နေမှုများကြောင့် ဆီဆိုင်မြို့နယ်အတွင်းမှ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသောစစ်ရှောင်များမှာ နေစရာ၊ စားစရာ နှင့် ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူများက ပြောသည် ။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3164
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7317