စစ်ရေးအသာမရသောကြောင့် စစ်ကောင်စီက မူးယစ်ဆေးကိစ္စ အပုပ်ချနေဟု AAဆို
****************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၄၊ ၂၀၂၄။
ရခိုင်ဒေသတွင် စစ်ကောင်စီက စစ်ရေးအသာရမနေသောကြောင့် ရက္ခိုင့်တပ်တော် AAပိုင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိသည်ဟူသော အပုပ်ချသတင်းများ ထုတ်လွှင့်နေသည်ဟု AA ကဆိုသည်။
စစ်ကောင်စီသည် စစ်ရေးအသာစီးမရသောအချိန်တိုင်း နိုင်ငံရေးအောက်လုံးများ၊ ညစ်လုံးများဖြင့် ဝါဒဖြန့်မီဒီယာများကတဆင့် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်နေသည်ဟူသော AAအပေါ် စွပ်စွဲရေးသားချက်များ ပြုလုပ်လေ့ရှိသည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်ဒေသ၊ ရခိုင်ဒေသနှင့် ပလက်ဝမြို့နယ်များတွင် အရေးနိမ့်နေပြီး မြေပြင်တွင် လုံးဝယှဉ်မရတော့သည့် အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု ရေးသားထားသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် လူသားမျိုးနွယ်စုအား ကောင်းကျိုးမပေးသော မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းများကို မည်သည့်အခါမှ ပြုလုပ်လိမ့်မည်မဟုတ်သည့်အပြင် အားပေးမည်လည်းမဟုတ်ဟု သဘောထားထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကောင်စီဗိုလ်ချုပ်ကြီးများသည် ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးနှင့် ဆက်စပ်တရားမဝင်လုပ်ငန်းများတွင် နောက်ကွယ်က အဓိကပါဝင်ပတ်သတ်နေကြသူများဖြစ်သည်ဟုလည်း ဆိုထားသည်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် ဇန်နဝါရီ ၇ရက်က အမျိုးသား ၇ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိခဲ့ပြီး AA နှင့် ဆက်နွှယ်နေသည်ဟု စစ်ကောင်စီလော်ဘီများက သတင်းဖြန့်ခဲ့ကြသည်။
ဖမ်းဆီးခံရသူများသည် AA အဖွဲ့အား ထောက်ပံ့ပေးနေသော ရခိုင်လူမျိုးများဖြစ်ပြီး ကော်မရှင်ခ ၁၅ ရာခိုင်နှုန်းရယူ၍ ကျန်ရာခိုင်နှုန်းအား AA ထံ လွှဲပြောင်းပေးအပ်ရကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်ဟုလည်း ရေးသားဖော်ပြနေကြခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် AAသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့၌ မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ မြို့သိမ်းနှင့်စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေသည် ။
ထို့ပြင် ရခိုင်ပြည်နယ်စစ်ဆင်ရေးကိုလည်း ပြီးခဲ့သည့်နိုဝင်ဘာလ ၁၃ ရက်ကတည်းက ယနေ့ထိဆင်နွှဲနေခဲ့ရာစစ်ကောင်စီတပ်များနှင့် ပြင်းထန်တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေသည် ။
ဓာတ်ပုံ- AA Info Desk(ပုံဟောင်း)
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3129
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7234