ပျူသင်တန်းမတက်သည့်ရွာများကို ဘူဒိုဇာထိုးဖျက်ဆီးမည်ဟု စစ်ကောင်စီခြိမ်းခြောက်
********************************
သဇင်
ဇန်နဝါရီ ၁၂ ၊၂၀၂၄။
ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ မြစ်ကျိုးတိုက်နယ် နှင့် သူရဲသမိန်တိုက်နယ်က ကျေး ရွာများတွင် စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းပေးမည်ဟု ခေါင်းစဉ်တပ်ကာ ဒေသခံများကို ပျူစောထီးသင်တန်းတက်ရောက်ရန် အတင်းအဓမ္မ ဖိအားပေးနေပြီး ပျူသင်တန်းမတက်သည့်ရွာများကို ဘူဒိုဇာထိုးဖျက်ဆီးပစ်မည်ဆိုကာ ခြိမ်းခြောက်နေသည်ဟု ဒေသခံများ၏ ပြောပြချက်များအရသိရသည်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး မြစ်ကျိုးတိုက်နယ်နှင့် သူရဲသမိန်တိုက်နယ်ရှိ ကျေးရွာများတွင် ပျူစောထီးသင်တန်းတက်ရောက်ရန်အတွက် ရွာကြီး ၁ ရွာလျှင် ၁၅ ဦး ဝန်းကျင် နှင့် ရွာငယ် ၁ ရွာလျှင် ၇ ဦးမှ ၁၀ ဦး ခန့်တက်ရောက်ရမည် ဟု ဆိုသည်။
အဆိုပါ ပျူစောထီးသင်တန်းတက်ရောက်ရန်အတွက် အတင်းအကြပ်မဲနှိုက်ခိုင်းပြီး မဲပေါက်သည့်အိမ်က ပျူသင် တန်းတက်ရမည်ဖြစ်ကာ လူစားမပေးနိုင်သည့်အိမ်များအနေဖြင့် ၁ အိမ်လျှင် ကျပ်ငွေ ၂ သိန်းခွဲပေးဆောင်ရမည်ဖြစ် သည် ဟု အသက် ၂၀ နှစ်အရွယ်ရှိ ဒေသခံအမျိုးသမီး ၁ ဦးက သံလွင်ခက်ကိုပြောသည်။
ဒေသခံအမျိုးသမီး ၁ ဦးက “အဲ့ဒါက မဲနှိုက်ခိုင်းတယ်။ ပေါက်တဲ့အိမ်က ပျူစောထီးသင်တန်းတက်ရမယ်။ ကိုယ့်ရွာ ကိုယ်ပြန်စောင့်ရှောက်ဖို့တဲ့။ သင်တန်းက တစ်နေ့ ၄၅၀၀ ရမယ်လို့လည်းပြောတယ်။ အဲ့တာက မဲမပေါက်တဲ့သူတွေဆီကနေ တောင်းပေးမယ်ထင်တယ်။ မဲမပေါက်တဲ့သူက ငွေထောက်ပံ့ရမယ်တဲ့။ ဘာထူးမလဲ။ ကိုယ့်ငွေနဲ့ ကိုယ့်လူတွေကို ပြန်ပေးခိုင်းတာ” ဟုဆိုသည်။
ထို့အပြင် ပျူစောထီးသင်တန်းတက်ရောက်ခြင်းမရှိသည့်ရွာများကိုလည်း ဘူဒို ဇာဖြင့်ထိုးကာ ဖျက်ဆီးပစ်မည်ဆိုကာ ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိနေသည်ဟု ဒေသခံများကဆိုသည်။
လက်ရှိတွင် ဝေါမြို့နယ်ရှိ ဆင်ရွာ ၊ ဂျိုးလေး ၊ ဒလနွှမ်း စသည့်ရွာများက ဒေသ ခံ ၁၂ ဦးခန့် ပျူသင်တန်းသွားတက်ရောက်နေပြီး ၎င်းတို့အား ပဲခူးခရိုင်အတွင်းရှိ အမှတ် ၉၀၁ အမြောက်တပ်မဌာနချုပ်တွင် သင်တန်းပေးနေသည်ဟု သိရသည်။
သင်တန်းဆင်းလာသူများအား ကျေးရွာဂိတ်များတွင် ကင်းစောင့်ခိုင်းခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ကင်းပုန်းဝပ်ခြင်းများလုပ်ဆောင်ခိုင်းနေသည်ဟု ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ဦး ကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တောင်းမြစ်တစ်ဖက်ကမ်းရှိ မွန်တော်လှန် ရေးအင်အားစုများ ဝင်ရောက်လာမည်ကိုစိုးရိမ်သည့်အတွက် ယခုလို ကျေးရွာဒေသခံများအား ဓားစာခံလုပ်ကာ ပြည်သူ့စစ်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“အဓိကကတော့ စစ်တောင်းမြစ်တစ်လျှောက်နားကရွာတွေကို အဓိကပေါ့။ ဘာလို့လဲဆိုတော့ မွန်ပြည်နယ်ဘက် ခြမ်းက တော်လှန်ရေးအင်အားစုတွေက ကူးလာမှာကိုး။ အဲ့တာကြောင့်ပေါ့။ အဓိကကတော့ စုပြီးတော့ထိုးကျွေးဖို့ ပျူစောထီးဖွဲ့စည်းတာဖြစ်တယ်။ အဲ့ဒီကနေဆင်းလာပြီဆိုရင် ကျေးရွာတွေရဲ့ဂိတ်တွေမှာထားတယ်။ စစ်သားတွေ နဲ့အတူ ကင်းပုန်းဝပ်ခိုင်းတယ်။ ယုံကြည်ရတဲ့သူတွေကို သူတို့က မောင်းပြန်သေနတ်ပေးတယ်။ မယုံကြည်ရတဲ့သူ တွေကို လက်လုပ်သေနတ်တွေပေးထားတယ်”ဟု ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။
ပြည်သူ့ဆန္ဒမပါဘဲ ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် အတင်းအကြပ်ပျူစောထီး သင်တန်းတက်ရောက်စေခြင်းသည် ဒေသခံများရရှိရမည့်အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်ပြီး အဆိုပါအခြေအနေများကို ဖြေရှင်းရန်အတွက် ပြည်သူတွေကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများတွင် အဓိကတာဝန်ရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည် က သုံးသပ်ပြောဆိုသည်။
“စစ်တပ်က သူတို့လက်အောက်ငယ်သားတွေကနေ အဆင့်ဆင့်အမိန့်ပေးစေခိုင်းပြီးတော့ ပြည်သူတွေရဲ့သဘောဆန္ဒမပါဘဲ မတရားသဖြင့်လူစုနေတာက ပြည်သူတွေကြုံတွေ့ရတဲ့အကြပ်အတည်းဖြစ်တယ်။ ဒီလိုအကြပ်အတည်းတွေကို ဖြေရှင်းဖို့ဆိုရင် ပြည်သူတွေကိုကိုယ်စားပြုတဲ့၊ ပြည်သူတွေက လက် နက်တပ်ဆင်ပေးထားတဲ့ အဖွဲ့အစည်း၊ ဒေသအခြေစိုက်အဖွဲ့အစည်းတွေအပြင် အထူးသဖြင့် NUG ၊ MoD မှာ တာဝန်အရှိဆုံးဖြစ်တယ်။ ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုရင် အားလုံးစုစုစည်းစည်းနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်သင့်တယ်” ဟု ဆိုသည်။
ဝေါမြို့နယ်တွင် ကျေးရွာပေါင်း ၆၁ ရွာရှိပြီး အဆိုပါအရေအတွက်ထဲက ထက်ဝက်ခန့်မှာ ပျူသင်တန်းတက်ရောက်ရန် ဖိအားပေးခံနေရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF ထဲရောက်ရှိနေသည့် မိသားစုဝင်များကို ရွာက နှင်ထုတ်မည်ဟုလည်း ခြိမ်းခြောက်နေသည်ဟု သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ။
ပုံစာ – စစ်ကောင်စီတပ်ဆင်ပေးသည့်လက်နက်များ လက်ခံနေသော တောင်ငူ
နှင့် ပြည်မြို့က ပျူစောထီးများ။