Saw Smith
ဇန်နဝါရီ ၁၃ ၊ ၂၀၂၄ ။
ရှမ်းမြောက်ပိုင်းတွင် ယာယီအပစ်ရပ်စဲထားသော်လည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန် သည်။
တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် ” ဟိုင်ဂင်သဘောတူညီမှုများ” ကို နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်
(၁) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ (၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊
(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး စသည့်အချက်များအပေါ် သဘောတူညီမှုများရရှိခဲ့ကြပါသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်တွင် သိပေး ထုတ်ပြန်သည်။
ထိုသို့သဘောတူညီမှုရရှိစေရန်အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ရှမ်းမြောက်ဒေသရှိ မိမိတို့၏ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်ဟု ဆိုသည် ။
ယာယီအပစ်ရပ်သဘောတူထားချိန် စစ်ရေးလှုပ်ရှားမှုနှင့် ထိတွေ့တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီက အရပ်သားပြည်သူများနှင့် ရပ်ရွာများအား ရန်သူသည် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည် ။
ထို့အတူ ဤနေ့သည် “ဟိုင်ဂင်သဘောတူညီမှု” အရ “ဟိုင်ဂင်ဆွေးနွေးပွဲရလဒ်အသက်ဝင်သောနေ့” ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့သည်ဆိုသည် ။
ရှမ်းမြောက်ဒေသ တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ်ကျေးရွာကို စစ်ကောင်စီက လေကြာင်းတိုက်ခိုက်မှု (၅) ကြိမ်တိုင်တိုင် လာရောက်ပြုလုပ်ခဲ့မှုကြောင့် အဆိုပါကျေးရွာတွင်းရှိ ပါရမီလက်ဖက်စက်ရုံမှာ ပျက်စီးခဲ့ရသည်။
တစ်ဆက်တည်းမှာပင် ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအပါအဝင် နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့ရသည်။
ထို့ပြင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၂) ကြိမ်၊ မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာရှိ စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၂) ကြိမ် နှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း မန်ဟယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အလားတူ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ “နမ့်ပေါင်တပ်စခန်း” မှ ကုန်ပေါင်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၆) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မခီနုကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ် နှင့် အီနိုင်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
” ကျွန်တော်နားလည်တာတော့ တရုတ်ရဲ့ အမိန့်အရ ရပ်လိုက်ရပေမယ့် ဘယ်သူက အရင်စမလဲ ကြည့်ရမဲ့ပွဲလို့မြင်တယ်။ နှစ်ဘက်လုံးကရောက်တဲ့နေရာမှာ ရပ်ထားရပေမဲ့ ဆိုင်နေကြလို့ အချို့ရွာတွေပြောင်းဖို့ပြင်နေရတယ် “ဟု TNLA နှင့်နီးစပ်သည့် လားရှိုးမြို့
ခံအမျိုးသားက သံလွင်ခက်ကို ပြောသည် ။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံတရုတ်သံရုံးကလည်း ” နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊ စစ်ရေးထိတွေ့မှုများရပ်တန့်ရန်၊ သက်ဆိုင်ရာ အငြင်းပွားမှုတောင်းဆိုချက်များကို ငြိမ်းချမ်းစွာဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း၊
နှစ်ဦးနှစ်ဖက်က တရုတ်နိုင်ငံ နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းရှိစီမံကိန်းမှဝန်ထမ်းများ ဘေးကင်းလုံခြုံမှု မထိခိုက်စေရန် ကတိပြုခဲ့သည့်အပြင် အပစ်အခတ်ရပ်စဲရေးစီစဉ်မှု စသည့်အခြားကိစ္စရပ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း
ပြောကြားခဲ့သည် “ဟု ထုတ်ပြန်ထားသည် ။
ရှမ်းမြောက်ပိုင်း၌ ယာယီအပစ်ရပ်သဘောတူညီမှုတွင် နှစ်ဘက်အဖွဲ့အစည်းမှ တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြသည်ဟုလည်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည် ။
ပုံစာ-ယာယီအပစ်ရပ်ကာလအတွင်း စစ်ကောင်စီက ရှမ်းမြောက်၌ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခဲ့သည့်နေရာများကို TNLA က ဖော်ပြထားမှု ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2984
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6979