သဇင်
ဇန်နဝါရီ ၅၊ ၂၀၂၄။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နောက်ဆက်တွဲအကျိုး ဆက်တစ်ခုအနေဖြင့် ကလေးသူငယ်များ အာဟာရချို့တဲ့မှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည် ဟု ကလေးသူငယ်အရေးလှုပ်ရှားသူတွေထံက သိရသည်။
စစ်တပ်ကအာဏာသိမ်းခဲ့သည်မှာ ၃ နှစ်နီးပါးကြာလာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများကလည်းပြင်းထန်နေဆဲဖြစ်သည်။ ပြင်းထန်သည့်နှစ်ဖက်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံရှိ ကလေး ၆ သန်းကျော် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး – UNOCHA ၏ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရသိရသည်။
လက်ရှိကြုံတွေ့နေရသောအခြေအနေများသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်ကကြုံတွေ့ခဲ့ရသည့် အခြေအနေထက် ၁၉ ဆပိုများလာကြောင်း UNOCHA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နှစ်ဖက်ဖြစ်ပွားနေသော ပြင်းထန်သည့်စစ်ရေးပဋိပက္ခများအတွင်း စစ်ဘေး ဒဏ်သင့်ဒေသများတွင် နေထိုင်ကြရသည့် ကလေးသူငယ်အများစုသည် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုချို့တဲ့ခြင်းအပြင် ပညာသင်ကြားခွင့်ဆုံးရှုံးခြင်း၊ စားနပ်ရိက္ခာမလုံလောက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်း စသည်များကြောင့် ကလေးသူငယ် ၆ သန်းကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေခြင်းဖြစ်သည်။
စစ်ဘေးဒဏ်ခံစားနေရသောဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲများနှင့်ကြုံတွေ့နေရသည့်အပြင် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေး နှုန်းကြီးမြင့်မှု စသည်များကြောင့် ထမင်းနပ်မှန်အောင်စားဖို့ပင် ခဲယဉ်းလာပြီး အာဟာရချို့တဲ့မှုဖြစ်ပွားနှုန်းတိုးပွားလာရခြင်း ဖြစ်သည်။
တော်လှန်ရေးကာလအတွင်း တိုက်ပွဲဖြစ်ပွားနှုန်းနည်းပါးသည့် မွန်ပြည်နယ်တွင်လည်း ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေသည်ဟု MSFC ( Mon State Federal Council) မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အုပ်ချုပ်ရေးကော်မတီ၊ လူငယ်အမျိုးသမီးနှင့် ကျား/မ တန်းတူရေးဌာန၏ ရုံးအုပ်ဖြစ်သူက သံလွင်ခက် ကို ပြောသည်။
“ကလေးသူငယ်လို့ပြောမယ်ဆိုရင် မွေးကင်းစကနေ ၆ လအထိ မိခင်နို့ရည်တိုက်ကျွေးရမယ်။ ပြီးမှ အစာအာဟာရအနေနဲ့ ထမင်းတို့ နို့မှုန့်တို့ အဲ့တာတွေလိုတာပေါ့။ ခုလိုစစ်ရှောင်နေရတဲ့အနေအထားမှာ အာဟာရတွေကလည်း လုံ လောက်မှုမရှိဘူး။ နောက်ပြီး ကာကွယ်ဆေးထိုးတာတွေကအစ လိုအပ်ချက်တွေရှိနေတယ်။ ဒီပြဿနာကို ဒီအချိန်မှာ မဖြေရှင်းနိုင်ဘူးဆိုရင် အနာဂတ်မှာ ကလေးသူငယ်တွေရဲ့ဖွံဖြိုးတိုးတက်မှုနှုန်းအများကြီး ထိခိုက်လာနိုင်တယ်။ နိုင်ငံအပေါ်သက်ရောက်မှုတွေ အများကြီးရှိနိုင်တယ် ” ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများနှင့် ကျေးလက်တောရွာများတွင်နေထိုင်ကြသည့် ကလေးငယ်များတွင် အာဟာရချို့တဲ့မှုအများဆုံးဖြစ်ပွားနေပြီး အဘက်ဘက်ကဆုတ်ယုတ်လာသည့် အခြေအနေများကြောင့် အာဟာရလုံ လောက်ဖို့ထက် အစာရေစာပြတ်လပ်မှုမဖြစ်အောင် ဆောင်ရွက်နေရသော အခြေအနေတွင်ရှိနေသည်ဟု တနင်္သာရီတိုင်းအတွင်း ကလေးသူငယ်နှင့် စစ်ရှောင်အရေးလှုပ်ရှားနေသူ ၁ ဦးက ပြောသည်။
“အခု စစ်အာဏာသိမ်းကာလမှာ အချို့ဒေသတွေဆိုရင် စစ်တပ်က ဖြတ် ၄ ဖြတ်မူကိုကျင့်သုံးပြီး အစစအရာရာ ဖြတ်တောက်ထားတာကြောင့် အာဟာရနဲ့ပတ်သက်တဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေလည်း သယ်ယူခွင့်မရတာမျိုးတွေရှိပါတယ်။ အာဟာရပြတ်လပ်မှုဒဏ်ကို အများဆုံးကြုံတွေ့နေရတာကတော့ စစ်ဘေးရှောင်စခန်းက ပြည်သူတွေနဲ့ တောတောင်တွေထဲမှာ အဆင်ပြေသလို စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေပဲဖြစ်ပါတယ်။ အခြေအနေက အာဟာရပြတ်လပ်တာထက် အစာရေစာပြတ်လပ်မှုမဖြစ်အောင် ဦးစားပေးဆောင်ရွက်နေရတဲ့ အခြေအနေဖြစ်နေတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်”ဟုဆိုသည်။
ကလေးငယ်များတွင် ၎င်းတို့၏ အသက်အရွယ်အပိုင်းအခြားအလိုက် သင့်တင့်မျှတသည့် အာဟာရဓာတ်ရရှိရန်လိုအပ်သလို သင်ယူတတ်မြောက်ရမည့် ပညာရပ်ဆိုင်ရာကိစ္စရပ်များရှိနေသော်လည်း လက်ရှိအခြေအနေမှာတော့ ကလေးများ၏လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် အားနည်းနေသည့်အတွက် ကလေးသူငယ်များ၏ အနာဂတ်က စိုးရိမ်ဖွယ်ဖြစ်သည်ဟု ကလေးသူငယ်အရေးလှုပ်ရှားနေသူများက သုံးသပ်ထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လူဦးရေ ၁၈ ဒဿမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေပြီး အဆိုပါအရေအတွက်သည် မြန်မာနိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံနီးပါးရှိသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – UNOCHA
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2877
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6816