ပြင်ဦးလွင်အနီးရှိ စစ်ကောင်စီစခန်း ၁ ခုသိမ်းပိုက်ခံရ၊ စစ်ကြောင်းမှူးအရှင်ဖမ်းမိ
*********************
ကောင်းချစ်အောင်
ဇန်နဝါရီ ၄ ၊ ၂၀၂၄။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၂ ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၃ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူများပြားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး )၏ ထုတ်ပြန်ချက်အရ သိရသည်။
သံဘိုရွာစခန်းသည် စစ်ကောင်စီအတွက် အရာရှိများမွေးထုတ်ပေးရာ အကယ်ဒမီများဖြစ်သည့် စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသည့်စခန်း ၁ ခုဖြစ်ပြီး အဆိုပါစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ပူးပေါင်း တပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင် ကို အရှင်ဖမ်းဆီးနိုင်ခဲ့သည့်အပြင် အခြားစစ်သုံ့ပန်းအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
MDY – PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စကမွန် က “သံဘိုစခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တဲ့နေရာမှာ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးကို အရှင်ဖမ်းမိခဲ့တာပါ။ ဖမ်းမိတဲ့ထဲမှာ အရာရှိဆိုလို့ သူ ၁ ယောက်ပဲပါတယ်။ အခြားအဆင့်တွေ လည်းဖမ်းမိခဲ့တယ်”ဟု ဆိုသည်။
ဖမ်းဆီးရမိသူများကို စစ်သုံ့ပန်းဥပဒေအတိုင်း ကောင်းမွန်စွာထားရှိထားပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဟုလည်း သူကပြောသည်။
ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကူလာရောက်ခဲ့သည့် စစ်ကောင်စီ ယာဉ် ၃ စီးကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုများ ရှိ သည်ဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး အနေဖြင့် ဗျူဟာမြောက် ရန်သူ့စစ်စခန်းတစ်ခုကို နှစ်သစ်ကူး လက် ဆောင်အဖြစ် ပြည်သူထံယူဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပြီး မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများတိုးမြှင့်လုပ်ဆောင်နိုင် ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ – MDY – PDF
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2876
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6813