![]()
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၄ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မောတောင်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်၏ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းမှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
“၁၂ ရက်နဲ့ ၁၃ ရက်မှာ စစ်တပ်က လေကြောင်းနဲ့ရော၊ လက်နက်ကြီးနဲ့ရော ဆက်တိုက်ပစ်တော့ ဒေသခံတွေ အကုန်လုံး ထွက်ပြေးတိမ်းရှောင်ကြရတယ်။ နယ်စပ်မှာလည်း ထိုင်းစစ်တပ်က ဂိတ်ချထားပြီး လာလှူတဲ့သူတွေတော့ ခွင့်ပြုပေးတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။
၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်များဖြင့် ဗုံးအလုံးရေ ရာချီ ကြဲချခြင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းများဖြင့် တိုက်ခိုက်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်အစောပိုင်းမှာ စတင်ကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဆုတ်ခွာရန်ပြင်ဆင်ခဲ့ပြီးနောက် အချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာသဖြင့် ထိုင်းစစ်တပ်က လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု စစ်ဘေးရှောင်အချို့က အတည်ပြုပြောဆိုသည်။
ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် မောတောင်မြို့ပေါ်တွင် လဝကရုံး၊ မြို့ဝင်စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် နေရာအချို့တွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်နောက်လိုက်အချို့သည် တော်လှန်ရေးတပ်များထံသို့ အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံခဲ့ကြသည်။
“ဒီကနေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်တယ်လို့တော့ အတည်ပြုလို့ရပါတယ်။ ကျန်တဲ့အချက်ကတော့ နယ်မြေအခြေအနေအရ အတိအကျမသိရသေးပါဘူး” ဟု ကရင်စစ်ဘက်ဆိုင်ရာ လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့သိမ်းတိုက်ပွဲကာလအတွင်း မောတောင်မြို့၊ ဒေသခံ ၃၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပြီး အရေးပေါ်အကူအညီများစွာလိုအပ်လျှက်ရှိသည်ဟု စစ်ဘေးရှောင်အရေးကူညီလုပ်ဆောင်နေသူအချို့က ပြောသည်။မောတောင်မြို့သည့် KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်း တည်ရှိပြီး စစ်ကော်မရှင်ထိန်းချုပ်ထားသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
ဓါတ်ပုံ – ထမင်းမစားကျေးရွာစခန်းသိမ်းပွဲမှ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ(KNLA B4)
