“သူတို့လေတပ်ရဲ့ လုပ်ဆောင်မှုတွေကို ဒီလိုစီနီယာပိုင်းလော့ဆို အကုန်သိတာပေါ့ “
*****************************
သံလွင်ခက်
နိုဝင်ဘာ ၂၀ ၊ ၂၀၂၃ ။
စစ်ကောင်စီ၏ စစ်လေယာဥ်မှူးတစ်ဦးကို ဖမ်းဆီးရမိလိုက်သည့်အတွက် ပြည်သူများစွာ အသက်ဆုံးရှုံးထားရသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်များကို မေးမြန်းဖော်ထုတ်သွားနိုင်တော့မည်ဖြစ်သည်ဟု CDM အရာရှိများက သုံးသပ်ပြောကြားသည်။
ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး (၁) ဦး အား
နိုဝင်ဘာလ (၁၉) ရက်၊ နေ့လယ် (၂) နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
စစ်လေယာဥ်မှူးဖြစ်သူ ဗိုလ်မှူး ခိုင်သန့်မိုး (စစ်တက္ကသိုလ် အပတ်စဥ် ၄၄) အား ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KAတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” သူတို့လေတပ်ရဲ့ လုပ်ဆောင်မှုတွေကို ဒီလိုစီနီယာပိုင်းလော့ဆို အကုန်သိတာပေါ့။ ကိုယ်တိုင် ပါဝင်ပတ်သက်တာရှိမယ်။ ဆက်စပ်တာရှိမယ်။ သူက စီနီယာတစ်ယောက်ပဲကိုး။ စီနီယာတစ်ယောက်ဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင်သိမှာပဲလေ။
ဘာကြောင့်လဲဆိုတော့ လေတပ်က လူနည်းနည်းလေးရှိတာပဲလေ။ ဒီလူတွေပဲ ဒုက္ခပတ်ပေးနေတာဆိုတော့ သူတို့အချင်းချင်းတော့ အကုန်သိကြမှာပဲလေ “ဟု ပြည်သူ့ပန်းတိုင်အဖွဲ့မှ CDM ဗိုလ်မှူး နောင်ရိုးက ပြောသည်။
ကရင်နီပြည်၌ ၁၁.၁၁ စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် တော်လှန်ရေးအင်အားစုများပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ K-8 အမျိုးအစား စစ်လေယာဥ်ပျက်ကျခဲ့ပြီး လေယာဥ်မှူးနှစ်ဦးမှာ လေထီးဖြင့် ခုန်ထွက်၍ ထွက်ပြေးပုန်းအောင်းနေရာမှ တစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အဓိကအသုံးပြုနေသည့်အခြေအနေ၌ ယခုကဲ့သို့ စစ်လေယာဉ်မှူးတစ်ဦးအား ဖမ်းဆီးရမိခြင်းသည် စစ်ရေးအရသာမကနိုင်ငံရေးအရပါ အကျိုးများစွာ ရှိသည်ဟု CDM ဗိုလ်မှူး နောင်ရိုးက ပြောသည်။
” လေတပ်က ကျန်တဲ့သူတွေလည်း အတော်လေး ခြောက်ခြားသွားမှာ ဖြစ်တယ်။ နောက်ပြီး ဒီလိုလူသက်သေကို ရထားတော့ လေတပ်က ကျူးလွန်ခဲ့တဲ့ သတင်းအချက်အလတ်တွေ အများကြီးရနိုင်တယ် “ဟု ၎င်းကပြောသည် ။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီ၏ လေတပ်မှ ပြည်သူများကို မကြာခဏဗုံးကြဲတိုက်ခိုက်နေရာ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးထားသည့် ဖြစ်စဥ်များစွာရှိနေခဲ့သည်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2522
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6343