စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ထွက်ပြေးလာသည့် မင်းပြားမြို့ခံများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က AA အမာခံများဟုစွပ်စွဲ
********************************
မိခိုင်
နိုဝင်ဘာ ၂၀၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ မင်းပြားကျိန်းတောင်ထက်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က မြို့ထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ထွက်ပြေးလာသည့်မြို့ခံများအား ရခိုင်ပြည်နယ်အစိုးရက ရက္ခိုင့်တပ်တော် အမာခံတပ်သားများဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ page က နိုဝင်ဘာလ ၁၉ ရက်တွင် စွပ်စွဲပြောဆိုထားသည်။
စစ်ကောင်စီ page က “မင်းပြားမြို့မှာလူဦးရေ ၄၈,၀၀၀ ကနေ ၅၀,၀၀၀ အထိ နေထိုင်ကြပါတယ်။ အဲဒီထဲမှာ လူဦးရေအများစုက အေအေအဖွဲ့ဝင်တွေပါ။ မြို့ကိုဝင်ပြီးတော့ မိမိတို့တပ်ကနယ်မြေရှင်းလင်ရေးတွေလုပ်မယ်ဆိုတော့ AA အမာခံတွေ အကြောက်အကန်ထွက်ပြေးနေကြပါတယ်” ဟု ရေးသားထားခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့စွပ်စွဲပြီး နယ်မြေရှင်းလင်းမည်ဟု ရေးသားထုတ်ပြန်ခြင်းမှာ ဒေသခံများအား အကြောက်တရားရိုက်သွင်းခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်က တက်ကြွလှုပ်ရှားသူအမျိုးသမီး ၁ ဦးက ဆိုသည်။
” အစိုးရတစ်ရပ်အနေနဲ့ မင်းပြားမြို့ရဲ့ ပြည်သူထက်ဝက်ဟာ AA အဖွဲ့ဝင်တွေလို့ပြောတာက စွပ်စွဲရာရောက်တယ်။ ပြည်သူတွေကို အကြောက်တရားသွင်းလိုက်တာ။ အဲဒီစာမှာ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုတော့ AA အမာခံတွေက ထွက်ပြေးကြတယ်လို့ ရေးထားတယ်။ ပြည်သူတွေ ထွက်ပြေးမှာပေါ့။ သူတို့လာရင် အကုန်ရမ်းသမ်းပစ်ခတ်တာလေ။ အဲဒါကြောင့် ပြည်သူတွေက စစ်ကောင်စီကို အယုံအကြည်မရှိတော့ဘူး” ဟု ၎င်းက ဆို သည်။
ပေါက်တောမြို့နှင့် မင်းပြားမြို့တို့တွင် စစ်ကောင်စီတပ်က နေရာယူထားသည့်အတွက် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
ယင်းအပြင် မင်းပြားမြို့ကို နိုဝင်ဘာလ ၁၇ ရက် ညနေဘက်တွင် ကျိန်းတောင်ထက်၌ အခြေချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သည့်အတွက် ဒေသခံ ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။
တစ်ဘက်တွင်လည်း ရခိုင်ပြည်နယ်အစိုးရဘက်က ရက္ခိုင့်တပ်တော်က ရမ်းသမ်းပစ်ခတ်သည့်အတွက် မင်းပြားဆေးရုံသို့ လက်နက်ကြီး ကျရောက်ခဲ့ကြောင်းလည်း ပြောဆိုထားသည်။
“ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်က မိမိတို့ ခမရတပ်ရင်းကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းပြားမြို့ပေါ်ရပ်ကွက်အချို့နှင့် မင်းပြားဆေးရုံကို ကျရောက်ခဲ့သည်။ ရှမ်းမြောက်ဘက်က တပ်အင်အားချိနဲ့စေရန်ရည်ရွယ်ပြီး ပေးအပ်သောရံပုံငွေကိုရယူကာ ရခိုင်တွင်စစ်မီးတောက်လောင်စေရန် ရည် ရွယ်ချက်ရှိရှိဖြင့် အမိန့်နာခံမှုဖြစ်သည်” ဟု ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာလ ၁၃ ရက်ကစတင်ကာ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ရသေ့တောင်တို့တွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ပုံစာ – ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ချက်။
ဓာတ်ပုံ – ရခိုင်ပြည်နယ်အစိုးရအဖွဲ့ Facebook Page။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2515
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6329