စစ်ကောင်စီက ပစ်ခတ်လိုက်သည့်လက်နက်ကြီးကြောင့် နမ့်ခမ်းမြို့ပေါ်ရှိ လူနေအိမ်များပျက်စီး
***************************************************
သံလွင်ခက်
နိုဝင်ဘာ ၁၈၊ ၂၀၂၃။
တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့တွင် စစ်ကောင်စီ၏ ခလရ – ၁၄၄ မန်တပ်စခန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အောင်ချမ်းသာရပ်ကွက်က နေအိမ် ၂ လုံး နှင့် ဟိုနားကျေးရွာက နေ အိမ် ၃ လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်။
နိုဝင်ဘာ ၁၇ ရက် မနက် ၆ : ၀၀ အချိန်ခန့်ကစပြီး နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏စခန်းသစ်ကုန်းကို တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီ ခလရ – ၁၄၄ မန်တပ်စခန်းကနေ၍ လက်နက်ကြီးပစ်ကူများ ပစ်ကူပေးနေ သဖြင့် အောင်ချမ်းသာရပ်ကွက်တွင်း ကျ ရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်ထဲနေ အမျိုးသမီး ၁ ဦးက သံလွင်ခက် ကို ပြောသည်။
” မနေ့က ည ၈ နာရီ ၅ မိနစ် လောက်မှာ ကျတာ။ ညီမတို့အိမ်နဲ့ နီးနီးလေးပဲ။ ဝပ်ရှော့အဟောင်းနေရာကိုကျတာ ။ အဲ့မှာက လူတွေမရှိလို့ တော်သေးတာပေါ့။ မဟုတ်ရင်မတွေးရဲဘူး” ဟု သံလွင်ခက်ကိုပြောသည်။
ယင်းအပြင် ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ မနက် ၁၀ နာရီအချိန်ခန့်တွင်လည်း ခလရ – ၁၄၄ စခန်းကနေပြီး ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဟိုနားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး ထိ ခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။
တိုက်ပွဲသည် ယနေ့အထိဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ယနေ့ နံနက် ၈ : ၅၃ နာရီတွင် ၁ ကြိမ်၊ ၁၁ : ၂၅ နာရီတွင် ၁ ကြိမ် Jet Fighter ဖြင့် ၂ ကြိမ် တိုင်တိုင် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပစ်ကူပေးခဲ့သည် ဟု လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က ယနေ့တွင် ထုတ်ပြန်ထားသည်။
နမ့်ခမ်းမြို့နယ်၊ မန်တပ်အခြေစိုက် ခလရ – ၁၄၄ စခန်းနှင့် ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာစခန်းတို့မှ နမ့်ခမ်း မြို့ဘက်သို့ လက်နက်ကြီးပစ်ကူပေါင်း အကြိမ် ၃၀ နီးပါး ပစ်ကူပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်၊ “၁၀၂၇ စစ်ဆင်ရေး” ၁၀ ရက်မြောက်နေ့မှာပဲ နမ့်ခမ်းမြို့ပေါ်ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA က သိမ်းပိုက်ထားပြီး ဒေသခံထောင်ချီလည်း အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပုံစာ – စစ်ကောင်စီက ပစ်လိုက်သည့်လက်နက်ကြီးကြောင့် အောင်ချမ်းသာရပ်ကွက်ရှိနေအိမ် ပျက်စီးသွားသည်ကို တွေ့ရစဉ်။
video – Local
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2499
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6312