ပေါက်တောဒေသခံများ စားဝတ်နေရေအပြင် အဝတ်အထည်များ လိုအပ်ချက်ရှိနေ ၊ နောက်၂ ရက်အတွင်း စားနပ် ရိက္ခာပြတ်လပ်မှုရှိနိုင်
********************
မိခိုင်
နိုဝင်ဘာ ၁၈၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့အပါအဝင် ကျေးရွာတချို့မှဘေးလွတ်ရာသို့ တိမ်းရှောင်လာသည့် စစ်ရှောင်များအနေဖြင့် အဝတ်အထည်နှင့် စားနပ်ရိက္ခာအခက်အခဲများ ရှိနေကြသည်။
ရက္ခိုင့်တပ်တော်က ပေါက်တောမြို့မရဲစခန်းကရဲများအား နိုဝင်ဘာလ ၁၅ ရက်တွင် ဖမ်းဆီးသွားပြီးနောက် စစ်တပ်က ပေါက်တောမြို့ကို လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခတ်ပြီးနောက် ဒေသခံများ ထွက်ပြေးနေကြခြင်းဖြစ်သည်။
တိမ်းရှောင်နေရသည့်ဒေသခံများမှာ ပေါက်တောမြို့နှင့် ပေါက်တောမြို့နယ်က လက်ပံပြား၊ တောင်းဖူး၊ တောင်ညို၊ မင်းဘာ၊ ကျောက်ဆိပ်၊ ဒါးကိုင်၊ သဝင်ချောင်း၊ သရွဲကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာများက ဒေသခံများ ဖြစ်ကြသည်။
ယင်းဒေသခံများမှာ ပေါက်တောမြို့နယ်ရှိ ငခူချောင်း၊ ဆားပြင်၊ သရက်၊ ငွေတွင်းတည်၊ ဆယ်သိန်းတန် စသည့် ကျေးရွာများတွင် စစ်ရှောင်နေကြသည့် စစ်ရှောင်များဖြစ်ပြီး ထောင်နှင့်ချီ ရှိနေကြခြင်းလည်းဖြစ်သည်။
သရက်ကျေးရွာတွင် စစ်ရှောင် ၉၀၀ ခန့်ရှိနေပြီး ကျေးရွာရှိ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေကြရသည်။
သရက်ကျေးရွာတွင်ခိုလှုံနေကြသည့် ပေါက်တောမြို့မှထွက်ပြေးလာသူ တစ်ဦးက – ” အိမ်တွေက ကျွေးထားတယ်။ ဒါပေမယ့် လူအရမ်းများတော့ ရွာသားတွေအတွက်လည်း အဆင်မပြေတော့ဘူး။ အခုလေ ထမင်းမစားရတဲ့ လူတွေရှိတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၁၅ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက်ကြောင့် အဝတ်အထည်လိုအပ်ချက် ရှိနေသည်ဟုလည်း သိရသည်။
ဆားပြင်ကျေးရွာတွင် ခိုလှုံနေရသည့် ပေါက်တောမြို့ပေါ်က အမျိုးသမီးတစ်ဦးကလည်း “အဝတ်တွေကလည်း အကုန်ရေစိုသွားတယ်။ ရွာက အဝတ်တွေ ပေးတယ်။ ဒါပေမယ့် မိုးရွာတော့ လိုနေတာပါပဲ။ ကလေးအဝတ်တွေ မပါတော့ အခက်အခဲရှိတယ်” ဟု ပြောသည်။
ပေါက်တောမြို့နယ်ကကျေးရွာများအား စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားသည့်အတွက် စားဝတ်နေရေး အခက်အခဲရှိလာနိုင်ကြောင်း ဆားပြင်ကျေးရွာက ရပ်မိရပ်ဖ ၁ ဦးက ဆိုသည်။
“ဒုက္ခသည်က ရွာမှာ ၈၀၀ ကျော်လောက် ဖြစ်နေပြီ။ ဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ နေကြတယ်။ ဒီလိုမျိုး ပိတ်မိနေရင် နောက်၂ ရက်လောက်ဆို ရွာသားတွေလည်း ရိက္ခာပြတ်နိုင်တယ် “ဟု ပြော သည်။
လက်ရှိတွင် လက်ပံပြား၊ မနော်သီရိ၊ ပေါက်တော ၊ တလိုင်ချောင်း ၊ ဒါးကိုင် စသည့်ကျေးရွာများမှ ထွက်ပြေးလာသူများလည်း ရှိနေကြသည်။
ပေါက်တောမြို့နယ်တွင် ခိုလှုံနေကြသည့် ဒုက္ခသည်ပေါင်း ၂၀,၀၀၀ ခန့်ရှိနေပြီး စားဝတ်နေရေးနှင့် အဝတ်အထည်လိုအပ်ချက်များ ရှိနေသည်ဟု ယင်းကျေးရွာများရှိ ရွာတာဝန်ခံများထံက သိရသည်။
ပုံစာ – ဆားပြင်ကျေးရွာသို့အသစ်ရောက်လာသည့် စစ်ရှောင်များအား
တွေ့ရစဥ်။
ဓာတ်ပုံ – သံလွင်ခက်။